Education & Health
ကျန်းမာရေးနှင့် ပညာရေးမှာ အားကောင်းနေရင် ဘယ်လို စိန်ခေါ်မှုကိုမဆို ကျော်လွှားနိုင်
နေပြည်တော်၊ မတ်လ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် ပညာရေးတွင် အားကောင်းနေပါက မည်သည့် စိန်ခေါ်မှုမျိုးကို မဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်းနှင့် အမျိုးသား ကျန်းမာရေး စီမံကိန်း အောင်မြင်ရေးအတွက် ပြည်သူပြည်သားများကလည်း ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားဖို့လိုပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့နိုင်ငံသူ နိုင်ငံသားတွေဟာ ပညာရေးနဲ့ကျန်းမာရေးမှာ အားသန်နေမယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာ မလိုပါဘူး၊ ဘယ်လို စိန်ခေါ်မှုမျိုးကို မဆို ကျွန်မတို့ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ပညာ တတ်တဲ့ ပြည်သူ ပြည်သားများ ကျန်းမာတဲ့ ပြည်သူပြည်သားများဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ် အတွက် အကောင်းဆုံး အာမခံချက် ဖြစ်ပါတယ်။ နိုင်ငံ တိုးတက်မှာလား မတိုးတက် ဘူးလား ဆိုတာဟာ ကျန်းမာရေး၊ ပညာရေး အခြေအနေကို ကြည့်ပြီးတော့ ဆုံးဖြတ်လို့ရပါတယ်၊ ဒီစီမံကိန်း နိုင်ငံတစ်ဝန်းအောင်မြင်ဖို့အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ဦးဆောင်သွားမယ်၊ ကျန်တဲ့ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့များ ကလည်း ပံ့ပိုး သွားရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် အရေးကြီးတာက ကျွန်မတို့ပြည်သူ ပြည်သားတွေ ပါဝင်လာဖို့ပါပဲ” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သည့် အမျိုးသား ကျန်းမာရေး စီမံကိန်း(၂၀၁၇ – ၂၀၂၁) စတင် ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနား၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမျိုးသား ကျန်းမာရေး စီမံကိန်းအား ရှင်းလင်း တင်ပြနေစဉ် (ဆက်ဟွာ)
ထိုသို့ပြည်သူ ပြည်သားများ ပါဝင်လာအောင် လုပ်ဖို့မှာ အစိုးရ၏ တာဝန် ဖြစ်ပြီး အစိုးရက တာဝန်သိမှ နိုင်ငံသားများကလည်း တာဝန်သိမှာ ဖြစ်ကြောင်း၊့ အစိုးရက နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် တတ်နိုင်သမျှ မှန်မှန်ကန်ကန် ဆောင်ရွက်နေသည်ကို ပေါ်လွင် အောင် လုပ်ပြနိုင်သည်နှင့်အမျှ ပြည်သူပြည်သားများကလည်း မိမိတို့၏ ကျန်းမာရေးကို မိမိတို့ စောင့် ရှောက်ဖို့တာဝန်ရှိသည် ဆိုသော အသိဖြင့် ယခု စီမံကိန်းတွင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားမျာ သေချာပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။
အမျိုးသား ကျန်းမာရေး စီမံကိန်း(၂၀၁၇ – ၂၀၂၁) စတင် ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)
နိုင်ငံတော် အတိုင်ပင်ခံက “ပြည်သူများရဲ့ ကျန်းမာရေး ကောင်းမွန်မှုဟာ နိုင်ငံတစ်ခုအတွက် အကောင်းဆုံး လာဘ်လာဘ ဖြစ်ပါတယ်၊ လာဘ်လာဘလို့ပြောတဲ့အခါမှာ အများက ပေးတဲ့ လွယ် လွယ်နဲ့ရတဲ့ လာဘ်လာဘ မဟုတ်ဘဲ ဉာဏ်ပညာ ဝီရိယတို့ယှဉ်တွဲပြီး စနစ်တကျ ရယူတဲ့ ဆုလာဘ် မျိုးပဲ ဖြစ်ရပါလိမ့်မယ်၊ ဒီလို အတွေးအခေါ်နဲ့ ကျွန်မတို့ရဲ့ အမျိုးသား ကျန်းမာရေး စီမံကိန်းကို ရေးဆွဲ ထားတာပါ။ ကျန်းမာရေးနဲ ့ပတ်သက်လို့ကတော့ ကိစ္စရပ်များဟာ အင်မတန်မှ ကျယ်ပြန် ့ ပါတယ်၊ အင်မတန်မှ များပါတယ်၊ ကျွန်မတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကတော့ အကန့် အသတ်ရှိပါတယ်၊ ရှိတဲ့ ဘဏ္ဍာရေး အခြေအနေအရ ပြည်သူတွေကို အကောင်းဆုံး ကျန်းမာရေးကို ပေးနိုင်ဖို့အတွက် ဒီစီမံကိန်းကို ရေးဆွဲထားတာပါ၊ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ဟာ တောလက်ကျေးရွာတွေမှာ နေတာပါ။ ဒါကြောင့်မို့လို့ ကျေးရွာနေ ပြည်သူလူထုရဲ့ ကျန်းမာရေး ဂရုစိုက်မှုကို ဦးစားပေးပြီးတော့ ဒီစီမံကိန်းထဲမှာ ထည့်ထားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
အမျိုးသား ကျန်းမာရေး စီမံကိန်း(၂၀၁၇ – ၂၀၂၁) စတင် ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနား၌ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)
ထို့အပြင် ကျန်းမာရေး အတွက် ကြိုးစားရာ၌ ကျန်းမာရေး ဝန်ကြီးဌာန တစ်ခုတည်းဖြင့် မပြီးနိုင်သဖြင့် အခြား ဝန်ကြီးဌာနများက ဝိုင်းဝန်းကူညီဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် ပညာရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ စသည့် ဝန်ကြီးဌာန အသီးသီးက ပူးပေါင်း ပါဝင်ဖို့လိုအပ်ပြီး လွှတ်တော်၏ အခန်းကဏ္ဍ ကလည်း အရေးကြီးပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုအပ်သည့် စည်းမျဉ်း စည်းကမ်း ဥပဒေများကို ပြဌာန်းရေးအတွက် လွှတ်တော်၏ အကူအညီ လိုအပ်ကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ အကူအညီကလည်း အလွန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကလည်း ပါဝင်ပြီး အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း သူ၎င်းက ပြောခဲ့သည်။
“ အမျိုးသား ကျန်းမာရေး စီမံကိန်းဟာ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေး ဖြစ်သလို နိုင်ငံရဲ့တည်ငြိမ် အေးချမ်းရေးအတွက်လည်း ဖြစ်ပါတယ်၊ ပြည်သူတွေ ကျန်းမာမှ လုပ်ရည်ကိုင်ရည် တက်လာမယ်၊ နိုင်ငံလည်း ဖွံ့ဖြိုး တိုးတက်လာမယ်၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံ တည်ငြိမ် အေးချမ်းရေးကို အများကြီး အထောက်အကူပြုပါတယ်၊ နိုင်ငံ တည်ငြိမ်အေးချမ်းတယ် တိုးတက် တယ်ဆိုရင် ကမ္ဘာက ပိုပြီးလေးစားလာမယ်၊ ပိုပြီး ကူညီပံ့ပိုးချင်စိတ်တွေ များပြားလာပါတယ်၊ ဒါကြောင့် ဒီအမျိုးသား ကျန်းမာရေး စီမံကိန်းဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ စီမံကိန်း ဖြစ်တယ်ဆိုတာ အားလုံး သဘောပေါက်စေချင်ပါတယ်” ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့သည်။
အမျိုးသား ကျန်းမာရေး စီမံကိန်း ကို အကောင်အထည်ဖော်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် ပုဂ္ဂိုလ်များသည် အကျင့်သိက္ခာနှင့့်ပြည့်စုံပြီး တကယ့်စေတနာ အရင်းခံဖြင့် လုပ်ဆောင် ဖို့လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သမားတော်ကြီးများသာ အရေးကြီးသည် မဟုတ်ဘဲ ပြည်သူများနှင့် ထိတွေ့နေရသည့် သူနာပြုဆရာမများ၊ ဝမ်းဆွဲဆရာမများကလည်း အင်မတန်မှ အရေးကြီးပါကြောင်း၊ အခြေခံ ကျန်းမာရေး ပြုစုမှု ပေးသည့် ဝန်ထမ်းများသည် နိုင်ငံ့ ကျန်းမာရေး အတွက် အများကြီး ပံ့ပိုးပေးနိုင်ကြောင်း၊ ကျေးလက်ဒေသများတွင် ဝမ်းဆွဲဆရာမများကို အဓိက အားကိုးနေရသည်ကို အားလုံး အသိ ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက အခြေခံကျန်းမာရေး ဝန်ထမ်းများအား သေသေချာချာ ပညာပေး လေ့ကျင့်ပေးဖို့ ဦးစားပေး လုပ်ဆောင်နေသည်ကို သိရသဖြင့် အင်မတန်မှ အားတက်မိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များမှ လူမှုရေး ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ UN လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ NGO များ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသား ကျန်းမာရေး စီမံကိန်း ရေးဆွဲရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်း အပြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမျိုးသားစီမံကိန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ သည်။ (Xinhua)