Connect with us

Education & Health

လူသုံးကုန်များ အန္တရာယ် ကင်းရှင်းရေး သင်တန်း နေပြည်တော်တွင် ပထမဦးဆုံး ဖွင့်လှစ်

လူသုံးကုန်များ အန္တရာယ် ကင်းရှင်းရေး သင်တန်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် အဖွင့် မိန့်ခွန်း ပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၈ ရက် (ဆင်ဟွာ)

အစားအသောက်၊ ဆေးဝါး ပစ္စည်း၊ အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး ကျေးရွာ အရောက် ပညာပေး စီမံချက် သင်တန်းကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း၊ မုံရွာဆောင်တွင် သင်တန်းသား ၁၅၀ ကျော်ဖြင့် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်း သည် ပထမဆုံးသင်တန်းဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ဆင်ဟွာကို ပြောသည်။

“တိုင်းဒေသကြီးနဲ့ပြည်နယ်တွေထိ ကျေးရွာအရောက်ပညာပေး အစီအစဉ်တွေ ရှိပေမယ့် ဒီသင်တန်းဟာ နိုင်ငံတော် အတိုင်းအတာနဲ့ အခုလို ထုနဲ့ထည်နဲ့လုပ်တဲ့ အဆင့်မှာ ဒါဟာ ပထမဆုံး အကြိမ်ပဲ၊ ဒီသင်တန်းကနေ ပြည်သူတွေကို ပြန်ပြီး အသိပညာ ပြန်ဖြန့်ပေးကြရမှာပါ၊ ဘယ်လောက် ထိရောက် မလဲ ဆိုတာကတော့ သူတို့လုပ်ဆောင်တဲ့အပေါ်လည်း မူတည်တယ်၊ feedback ကို ပြန် နားထောင် တဲ့ အပေါ်လည်း မူတည်ပါတယ်၊ feedback လုပ်တဲ့အခါ ပြည်သူတွေ ဘယ်လောက် နားလည်သွား သလဲ ဆိုတာကို ပြန်မေးရမှာပေါ့။ ကျွန်တော် မျှော်လင့်တာကတော့ ဆယ်ခွန်းပြောလို့ နှစ်ခွန်း သုံးခွန်း ဝင်သွားရင်တောင် မနည်းဘူးပေါ့” ဟု ၎င်းကပြောကြားခဲ့သည်။

လူသုံးကုန်များ အန္တရာယ် ကင်းရှင်းရေး သင်တန်းဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ယခု သင်တန်းတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ် ကိုးခုတို့မှ သင်တန်းသားများ တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ မြို့ပေါ် ဈေးကွက်များတွင် ဝိသမလောဘတက်နေသည့် စီးပွားရေး သမားများ၏ ဈေးကွက် ထိုး ဖောက်မှုသည် ကျေးလက် ပြည်သူများအထိ ရောက်ရှိနေပြီ ဖြစ်သော ကြောင့် တစ်နိုင်ငံလုံး၏ ၇၀ ရာနှုန်းသော ပြည်သူများ နေထိုင်ရာ ကျေးရွာ အဆင့်ထိ အသိပညာပေး ဖို့လိုအပ်သဖြင့် ယခု သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် တစ်နိုင်ငံ လုံးအနှံ့ ရုံးခွဲများ မဖွင့်နိုင်သေးသော်လည်း ၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့တွင် ခရိုင် ၂၉ ခုတို့၌ ရုံးခွဲများ ဖွင့်လှစ်ခဲ့ကာ ၎င်းခရိုင်များရှိ ကျေးရွာ တစ်ရွာလျှင် ရှစ်တန်းအောင်နှင့် အထက်အဆင့် ရွာသူ ရွာသား နှစ်ဦးနှုန်းဖြင့် ကျေးရွာ ၁၇၄ ရွာမှ သင်တန်းသား သင်တန်းသူ ၃၄၈ ဦးတို့ကို တစ်လ တာ သင်တန်း ပေးသွားမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ သင်တန်းတွင် အစား အသောက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး ပြည့်မီသော ဆေးဝါးများ အသုံးပြုနိုင် ရေးနှင့် စပ်ဆေးများ၏ အန္တရာယ် စသည်တို့ကို အဓိကထား သင်ကြားပေးသွားမည်ဟု သိရသည်။

“တစ်လသင်တန်း ပြီးလို့ပြန်သွား လာမယ့် မေလ တစ်လလုံး မိမိတို့နေထိုင်ရာ ကျေးရွာနဲ့ အနီး တစ်ဝိုက်ရှိ မိဘပြည်သူတွေ သိရှိအောင် တစ်အိမ်တက်ဆင်း ပညာပေးကြရမှာ ဖြစ်ပါတယ်၊ အဲဒီ သင်တန်းသား သင်တန်းသူတွေကို ဝန်ကြီးဌာနက နေ့စား လခများ ချီးမြှင့်ပေးပါမယ်” ဟုလည်း ဒေါက်တာ သန်းထွဋ်က ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.