Education & Health
ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်သူ့ အတွက် ရက် ၁၀၀ အစီအစဉ် ထုတ်ပြန်
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
ကျန်းမာရေး ဝန်ကြီးဌာနသည် ပြည်သူများ အမှန်တကယ် ခံစားနေရသည့် ကျန်းမာရေး အခြေအနေကို ထင်ဟပ် စေမည့်မူများကို အခြေခံပြီး လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်း ပိုမိုမြှင့်တင်နိုင်ရန်နှင့် ရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရန်၊ ပြည်သူများ၏ လိုအပ်ချက် အတိုင်း ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် အတွက် INGO များ၊ ကုသသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူထု အခြေပြု အဖွဲ့အစည်းများ၊ ဆရာဝန်အသင်း၊ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ပြည်သူ့ အတွက် ပထမရက် (၁၀၀) အစီအစဉ် တွင် မူကွဲနေသော တိုင်းရင်းဆေး ထုတ်လုပ်နည်း စာအုပ်များ တပြေးညီ ဖြစ်စေရန်၊ ပြန်လည် ညှိနှိုင်း စိစစ်ထုတ်ဝေခြင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနသုံး ဆေးဝါးများ ပြန်လည် စိစစ် ဆောင်ရွက်ရန်နှင့် လိုအပ်သော ဆေးဝါးများ၊ ဆေးရုံသုံး ပစ္စည်းများ ဖြည့်ဆည်း ပေးခြင်း၊ မှတ်ပုံတင်ထားခြင်း မရှိသည့်တိုင်းရင်း ဆေးဝါးများ၊ ဈေးကွက် စစ်တမ်း ကောက်ယူခြင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အားလုံးတွင်သုံးလ တစ်ကြိမ် စစ်ဆေး၍ ပြည်သူ လူထုအား အသိပေးခြင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ခရိုင်မှူးများ ဆေးရုံအုပ်များကို ရုံးလုပ်ငန်း ငွေစာရင်း လုပ်ထုံး လုပ်နည်း၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး သင်တန်းပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက် နိုင်သော ဒေသများ၊ ရေကြီး နစ်မြုပ်နိုင်သော ဒေသများတွင် ရာသီဥတု အလိုက် လိုအပ်သော ကြိုတင် ပြင်ဆင်မှု ပြုလုပ်ခြင်းများ ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စားသုံးဆီ ကိစ္စနှင့် ပတ်သက်၍လည်း ရောနှောဆီ ကိစ္စကို FDA နှင့် ဆွေးနွေးမည် ဖြစ်ကြောင်း၊ အစားအသောက်များ၊ အလှကုန်များ၊ ဆေးဝါးများနှင့် ပတ်သက်သည့် Pre market နှင့် Post market လုပ်ငန်းနှစ်ခုကို လည်းရက် (၁၀၀) အတွင်းမှာ ထိထိ ရောက်ရောက်ပိုမို အချိန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ကျေးလက်နေ ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အတွက် community clinic လို့ ခေါ်သည့် ကျေးလက် ဒေသ ပြည်သူလူထု အခြေပြု ဆေးခန်းများ ကိုရက် (၁၀၀) အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ကျန်းမာရေးဌာနှင့် ကျေးလက်ဒေသ ကျန်းမာရေး ဌာနခွဲ မရှိသည့် နေရာများတွင် ကျန်းမာရေး ဆေးခန်းများ တည်ဆောက် သွားရန်လည်း စီစဉ်ထားရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အားကစားကွင်း၊ အားကစားရုံ၊ အားကစားခန်းမများ ပြုပြင် ထိန်းသိမ်းရေးနှင့် နည်းပြများ၏ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ School Sport Activities အနေဖြင့် အားကစားနှင့် ပညာရေး ပေါင်းစပ်မှု အစီအစဉ်ဖြင့် မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့် ပျိုးထောင်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြည်သူ့အတွက် ပထမရက် (၁၀၀) အစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)