Connect with us

Environment, Disasters & Accidents

တောဆင်ရိုင်း အုပ်အား မူရင်းဒေသ ပဲခူးရိုးမ တစ်ဝိုက်သို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ထုတ်ပြန်

ညောင်ဦးမြို့နယ် အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း ခြောက်ကောင် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ညောင်ဦးမြို့နယ် အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း ခြောက်ကောင်အုပ်အား ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်မှု မရှိစေရေး ဦးစား ပေးကာ မူလ ကျက်စားရာနယ်မြေ ဖြစ်သော နတ်မောက်မြို့သစ် နယ်မြေရှိ ပဲခူးရိုးမ ဒေသအတွင်းသို့ ပြန်လည် ပို့ဆောင်နိုင်ရန် အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ စီမံ ဆောင်ရွက်လျက် ရှိကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။

နိုင်ငံတော် သမ္မတမှလည်း အဆိုပါကိစ္စ နှင့်ပတ်သက်၍ ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း သိရသည်။ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ မြန်မာ့ သစ်လုပ်ငန်း တာဝန်ရှိသူများ နှင့် တောဆင်ရိုင်း ထိန်းသိမ်းရာတွင် ဝါရင့်အတွေ့အကြုံရှိသော ဆင် ဆရာဝန် ဒေါက်တာ စည်သူဝမ်ထွန်းနှင့် ဦးစီးအင်အား ၃၅ ဦး၊ တောဆင် ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်မှု မရှိစေရေး၊ လမ်းကြောင်း ပိတ်ဆို့ရေး ဆောင်ရွက်ရန် ညွှန်ကြားရေးမှူး နှစ်ဦး၊ ဦးစီးအင်အား ၂၈ ဦးတို့သည် သြဂုတ်လ ၂၄ ရက်မှ စတင်၍ တောဆင်အုပ် ရှိရာနယ်မြေတွင် အင်အားစု ဖွဲ့ပြင်ဆင်ပြီး လုပ်ငန်း တာဝန်များ စတင် ဆောင်ရွက်လျက် ရှိပြီး သြဂုတ်လ ၂၅ ရက်မှ စတင်ကာ ဆင်အုပ်နှင့် အနီးကပ် စောင့်ကြည့် ထိန်းကျောင်း လျက်ရှိကြောင်း သိရသည်။

ဆင်ထိန်းသိမ်းရေး၊ ပိတ်ဆို့ရေး အဖွဲ့နှင့်အတူ တောဆင်ရိုင်းများအား လိုအပ်သလို ထိန်းကျောင်းနိုင်ရန် တောဆင် ထိန်းသိမ်းရေးအတွက် လေ့ကျင့် သင်ကြားထားသည့် ဆင် ယဉ် ကွန်ဂျီဆင်ကြီး ခြောက်ကောင်၊ လိုအပ်ပါက ဒေသခံ ပြည်သူလူထု အား အန္တရာယ် မပြုစေနိုင်ရေးအတွက် အသုံးပြုရန်မေ့ဆေး သေနတ် လေးလက်၊ မေ့ဆေး သေနတ်သမားများ စုဖွဲ့ထားပြီး လိုအပ်ချက်ပေါ် မူတည်၍ တောဆင်ရိုင်းများအား ယာဉ်ကြီးများဖြင့် တင်ဆောင် ရွှေ့ပြောင်းနိုင်ရေး အတွက် ၁ဝ ဘီး ယာဉ် ခုနစ်စီး ပါဝင်စုဖွဲ့ကာ တောဆင်အုပ် အခြေပြုရာ နေရာ တစ်ဝိုက်တွင် အနီးကပ် စောင့်ကြည့် ထိန်းကျောင်းလျက်ရှိသည်။

တောဆင်ရိုင်း အုပ်အား မူလ ကျက်စားရာ နယ်မြေဖြစ်သည့် နတ်မောက်မြို့သစ် နယ်မြေ ပဲခူးရိုးမ အတွင်းသို့ ပြန်လည် ပို့ဆောင်ရာတွင် ဒေသခံ ပြည်သူများ၏ အသက် အိုးအိမ် မထိခိုက်စေဘဲ ဆင်ထိန်း သိမ်းရေး ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုဖြင့် ကွန်ဂျီဆင်များကို အသုံးပြု၍ ပြန်လည် ထိန်းကျောင်း ပို့ဆောင်သွားရေး သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။

တောဆင်ရိုင်း အုပ်အား မူရင်း ဒေသ ပဲခူးရိုးမသို့ ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ရာတွင် ပြည်သူ လူထု ၏ အသက်အိုးအိမ် စည်းစိမ် အန္တရာယ် မကျရောက်စေရေး အတွက် အတွေ့ အကြုံရှိသည့် ဝါရင့် ဆင်ထိန်းသိမ်းရေး ကျွမ်းကျင်သူအဖွဲ့နှင့် ပိတ်ဆို့ရေးအဖွဲ့ များက အထူး ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံ ပြည်သူလူထု အနေဖြင့် တောဆင်ရိုင်းများအား ဝိုင်းဝန်း ကြည့်ရှုခြင်း၊ခြောက်လှန့်ခြင်း များ၊ ဓာတ်ပုံရိုက်ခြင်း မပြုလုပ်ကြရန် နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များ၏ ဆင်အန္တရာယ် ကင်းရှင်းရေး မေတ္တာ ရပ်ခံ နှိုးဆော်ချက်များ အပေါ် ပါဝင် ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် ထိန်းသိမ်း ပို့ဆောင်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မှုများ ကို ပိုမို ချောမွေ့ မြန်ဆန်စေ မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင်ပါ ရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အထိ တောဆင်ရိုင်း ကောင်ရေ ၃,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဌေးက ပြောကြားသည်။ (Xinhua)