Environment, Disasters & Accidents
၂ဝ၁၇-၂ဝ၁၈ ခုနှစ်အထိ သစ်တော စိုက်ခင်း စုစုပေါင်း ၂,၂ဝ၈,၇၁၁ ဧကအား တည်ထောင်ပြီးစီးခဲ့

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)
သစ်တောစိုက်ခင်းများကို ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အထိ စီးပွားရေး စိုက်ခင်း ၁,၂၃၂,၃၆၅ ဧက၊ ရေဝေ ရေလဲ စိုက်ခင်း ၃၄၁,၁၅၉ ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း ၁၇၉,၁၂၁ ဧက၊ ကျေးရွာထင်းစိုက်ခင်း ၄၄၉,၅၈၆ ဧက နှင့် ဒီရေတော စိုက်ခင်း ၆,၄၈ဝ ဧက စုစုပေါင်း စိုက်ခင်း၂,၂ဝ၈,၇၁၁ ဧက တည်ထောင် ပြီးစီးခဲ့ကြောင်း သစ်တော ဦးစီး ဌာနမှ သိရသည်။
နှစ်(၃ဝ)နှင့်အထက် သက်ကြီး ကျွန်းစိုက်ခင်းများမှ သစ်ထုတ်လုပ်နိုင်မှု အခြေအနေ လေ့လာ ဆန်းစစ်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၌ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးပြီးနောက် စနစ်တကျ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန် ရန်ပုံငွေ နှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိခြင်း၊ အခြား မြေအဖြစ် ကျူးကျော်ခံရခြင်း၊ တရားမဝင် ခုတ်လှဲခိုးယူခြင်း၊ နည်းပညာပံ့ပိုးမှုနှင့် သုတေသနဆောင်ရွက်မှု အားနည်းခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ကျွန်းသစ် လိုအပ်ချက်အတွက် သဘာဝတောမှ ထုတ်လုပ်ခြင်းကို အနားပေးပြီး သက်တမ်းနှစ်(၃ဝ)နှင့် အထက်ရှိ သော စီးပွားရေး(ကျွန်း)စိုက်ခင်းများမှ အစားထိုး ဖြည့်ဆည်း ပေးသွား နိုင်ရန်၂ဝ၁၇-၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စာရင်းကောက်ယူခဲ့ရာ စီးပွားရေး (ကျွန်း)စိုက်ခင်း ၁၃၃,၅၃၉ ဧကတွင် ရင်စို့လုံးပတ် ၃ ပေအောက် ၈၅၅,၇၃၅ ပင်နှင့် ၃ ပေနှင့်အထက် ၁၅၇,၄ဝ၉ ပင်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်ခြင်းကို တစ်နှစ် ရပ်ဆိုင်းခဲ့ပြီး ပဲခူးရိုးမဒေသအား ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်းကို ၁ဝ နှစ်တာ ရပ်နားခဲ့၍ မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်း ကို၂ဝ၁၇-၂ဝ၁၈ မှ ၂ဝ၂၆-၂ဝ၂၇ အထိ ၁ဝ နှစ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် နှစ် (၃ဝ) နှင့် အထက်စီးပွားရေးကျွန်း စိုက်ခင်းများမှ သစ်ထုတ်လုပ်ရာတွင် သစ်တော ဖုံးလွှမ်းမှု ကျဆင်းမသွားစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ထုတ်လုပ် သင့်သည့် နည်းစနစ်များ ၊ သတ်မှတ်သင့် သည့် စိုက်ခင်းသက်(Rotation Age) ၊ ရွေးချယ်ထုတ်လုပ်ခြင်းနှင့် အပြောင်ရှင်း ထုတ်လုပ်ခြင်းတို့၏ အကျိုးသက်ရောက်မှုများ၊ သစ်တောစိုက်ခင်းပြန်လည်အစားထိုး စိုက်ပျိုးခြင်းဆိုင်ရာ နည်းစနစ်များနှင့် ကြိုတင်ပြင်ဆင်ရေးဆွဲ ချမှတ်ထားရမည့် အစီအမံများကို ဆွေးနွေး ဖော်ထုတ် သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)