Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ကော်မရှင်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ သဘောထားထုတ်ပြန်မှု အပေါ် ကြိုဆိုထောက်ခံ

ငြိမ်းချမ်းရေး ကော်မရှင်၏ ထုတ်ပြန် ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ-Peace Commission)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေး ကော်မရှင်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်သည့် MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့၏ ထုတ်ပြန် ကြေညာချက်အား လှိုက်လှဲစွာ ကြိုဆို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် အနေဖြင့် နိုင်ငံတော်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင် လာနိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် ကြေညာချက် ထုတ်ပြန်သည့် အဖွဲ့ ၃ ဖွဲ့ ဖြစ်သော TNLA ၊ AA ၊ MNDAA တို့နှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိရေး ကိစ္စနှင့် နိုင်ငံရေး နည်းလမ်း အရ ဆွေးနွေးနိုင်ရေး ကိစ္စများကို ဆက်လက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင် အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးရန် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ NCA တွင် ပူးပေါင်း ပါဝင် လာနိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုများမှ တစ်ဆင့် ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အပြုသဘောဆောင်သည့်ကြိုးပမ်းမှုကို မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(ULA/AA)တို့ အနေဖြင့် ကြိုဆို ထောက်ခံကြောင်း ၊ စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိကြောင်း ယနေ့ ထုတ်ပြန် ကြေညာချက်အား ကော်မရှင်မှ ကြိုဆို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)