Connect with us

Politics, Law & Military

ICOE ၏ အပြီးသတ် အစီရင်ခံစာ နှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်

နိုင်ငံတော် သမ္မတထံ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (ICOE) က ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ပေးအပ်စဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် စာနာဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး တာဝန်ခံမှုနှင့် တရားမျှတမှုရှိစေရေးအတွက် လည်းကောင်း၊ အဆင့်မီ လုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားကြောင်း  ICOE ၏ အပြီးသတ် အစီရင်ခံစာ နှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ၏  အစီရင်ခံစာသည် ကျယ်ပြန့် ပြည့်စုံမှုရှိပြီး နောက်ဆက်တွဲ (၃၁) ခု အပါအဝင် စုစုပေါင်း စာမျက်နှာ (၄၅၀) ကျော် ပါရှိကြောင်း ၊ ကော်မရှင် သည် ထိုဖြစ်စဉ်ကာလ များအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ သက်သေများ၏ထွက်ဆိုချက် စုစုပေါင်း (၁၅၀၀) ခန့်တို့အား သေချာစွာ စုဆောင်း ခဲ့ပြီး ယင်းထွက်ဆိုချက် များအပေါ်အခြေခံ၍ အစီရင်ခံစာတွင် လေ့လာသုံးသပ်ချက်များဖြင့် ပြုစု တင်ပြ ထားကြောင်း ၊ နိုင်ငံတော်သမ္မတက ကော်မရှင်သို့ လာရောက်ထွက်ဆို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြ သူများကို ကျေးဇူး တင်ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သည်ဟု ကော်မရှင် မှ တွေ့ရှိခဲ့ကြောင်း ၊ အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အားမမျှမတသုံးစွဲခြင်း၊ လုယက်မှုကျူး လွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော ၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်းစသည့် ရာဇဝတ်မှုများကို ကျူးလွန် ခဲ့ကြကြောင်း တွေ့ရှိရကြောင်း ၊ ကော်မရှင်သည် ကျေးရွာများ၊ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှု များပြားခဲ့ကြောင်း စုံစမ်းတွေ့ရှိ ခဲ့ကြောင်း ၊ လူမျိုး ပြုန်းတီး စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချနိုင်သော လုပ်ဆောင် ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်၏တွေ့ရှိချက်များက ဖော်ပြခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကော်မရှင်၏ အကြံပြုချက် (၂၂) ချက် အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံး တို့အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် အကြံပြုချက် ပါဝင်ကြောင်း သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတက ကော်မရှင်၏အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားစေရန် နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွား စေရန် သဘောတူကြောင်း ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အတွင်း ပေါ်ပေါက်ခဲ့သော ပစ္စည်းဥစ္စာ ဖျက်ဆီးခံရမှုများ (သို့မဟုတ်) လုယက်မှုများ (သို့မဟုတ်) အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုကြီးများအား ဆက်လက် စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန်အတွက် နိုင်ငံတော်သမ္မတက ကော်မရှင်၏ အစီရင်ခံစာ အပြည့် အစုံကို နောက်ဆက်တွဲများနှင့်အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း ၊ နိုင်ငံတော် သမ္မတက ARSA အဖွဲ့ဝင်များ (သို့မဟုတ်) အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများက ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ မည်သို့ပြုလုပ်သွားသင့် သည်ကို စစ်ဥပဒေချုပ်နှင့် လိုအပ်သကဲ့သို့ တိုင်ပင်ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုရှေ့နေချုပ် အား အကြောင်းကြားထားကြောင်း ဖော်ပြထားသည်။

တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် မင်းကြီးနှင့် ချွတ်ပြင် ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မူဆလင်ကျေးရွာများရှိ နေအိမ်မီးလောင်မှု များကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော်စစ်ဥပဒေချုပ်ရုံးအနေဖြင့် လက်ရှိဆောင် ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ဆောင်ရွက်နိုင်စေရန် အလို့ငှာ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာ အပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်း ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ နိုင်ငံတော်သမ္မတက ကော်မရှင်၏ အစီရင်ခံစာ အနှစ်ချုပ်ဖော်ပြချက်ကို ထုတ်ပြန်သွားရန်လည်း ညွှန်ကြားခဲ့ကြောင်းလည်း ပါရှိသည်။

 နိုင်ငံတော် သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် ယင်းကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် သံအမတ်ကြီး ရိုဆာရီယို မယ်နာလို (ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်း နှင့် လက်ရှိအဖွဲ့ဝင်)၊ အဖွဲ့ဝင်များအဖြစ် သံအမတ်ကြီး ကင်ဇိုအိုရှီးမား (ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်းနှင့် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း)၊ ဦးမြသိန်း (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ဥက္ကဋ္ဌဟောင်း) နှင့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့ဖြင့် ဖွဲ့စည်းခဲ့သည်။(Xinhua)