Connect with us

Politics, Law & Military

ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အမည်စာရင်း ထပ်မံကြေညာ

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၇ ဦး ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၃ ဦး နှင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ၅၀ ဦး ထပ်မံ ရွေးကောက်တင်မြှောက်ခံရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယနေ့ ညနေပိုင်းအချိန် ထုတ်ပြန်မှုအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ် ၆၀ ဦး ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ် ၄၁ ဦး နှင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ် ၁၄၉ ဦးတို့၏ အမည်စာရင်းများအား ကြေညာထားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီ ၊ မွန်းတည့် ၁၂ နာရီ နှင့် ညနေ ၄ နာရီ တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတည်ပြု ကြေညာခဲ့သည့် ကိုယ်စားလှယ် စုစုပေါင်း ၂၅၀ ဦးအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ကိုယ်စားလှယ် ၂၂၃ ဦး ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ၆ ဦး နှင့် အခြားပါတီများမှ ၂၁ ဦးတို့ အသီးသီး ပါဝင်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၁၁၇ နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး ၊ နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ကြောင်း သိရသည်။ (Xinhua)