Politics, Law & Military
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အိန္ဒိယ သမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ၎င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ သံရုံးယာယီတာဝန်ခံ Mr.Sumit Sethနှင့်တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။(Xinhua)