Connect with us

Politics, Law & Military

ပြည်ထောင်စု ဝန်ကြီးဌာန သုံးခု သတင်းစာ ရှင်းလင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူး ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၉ ရက် (ဆင်ဟွာ)

အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များဆိုင်ရာ သတင်းစာရှင်းပွဲများကို နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ညနေပိုင်း ဆက်လက် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သတင်းစာရှင်းလင်းခဲ့ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး “ ကျွန်တော်တို့ ဌာန ရဲ့ အဓိက တာဝန်က ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ဖို့ပါ၊ လက်ရှိ အစိုးရ တာဝန်ယူစဉ် အတွင်း ပို့ကုန် သုံးဆ မြှင့်တင်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်၊ ၂၀၁၈ – ၁၉ ဘဏ္ဍာ နှစ်မှာ ပို့ကုန် နှစ်ဆနီးပါး တိုးမြှင့်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ပို့ကုန်တင်ပို့နိုင်မှုမှာ ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၉၈ ဘီလျံ၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၈၅ ဘီလျံ၊ ၂၀၁၈ မီနီဘတ်ဂျက်( ဧပြီမှ စက်တင်ဘာ အထိ) တွင်ကန်ဒေါ်လာ ၈ ဒသမ ၈၂၁ ဘီလျံ၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်၌အောက်တိုဘာ မှ မေလ ၁၀ ရက် အထိ ကန်ဒေါ်လာ ၁၀ ဒသမ ၈၄၆ ဘီလျံ ရှိခဲ့ရာ ယမန်နှစ်ကထက် ပို့ကုန် တန်ဖိုး နှစ်ဆ နီးပါး တိုးမြင့်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။

ပို့ကုန်ပမာဏ အဓိက တိုးတက်သည့် ကုန်စည်မှာ အထည်ချုပ် လုပ်ငန်းဖြစ်ပြီး ၂၀၁၅ – ၁၆ တွင် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးသာ ပို့ခဲ့ရာမှ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်မေလ ၁၀ ရက်နေ့ အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၆၁ ဘီလျံအထိ သုံးဆနီးပါး မြှင့်တင်နိုင်ခဲ့ကြောင်း၊ အတည်မပြု နိုင်သေးသည့် ယခု တတိယ တစ်နှစ်တာအတွင်း အထည်ချုပ် ကဏ္ဍမှ ပို့ကုန်သည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ ဘီလျံအထိ ရောက်ရှိနေပြီဟု သိရကြောင်း၊ ရေထွက်ကုန် ပစ္စည်း တင်ပို့မှုသည် ၂၀၁၄ – ၁၅တွင် အမေရိကန် ဒေါ်လာ ၄၂၁ ဒသမ ၄၂ သန်းရှိခဲ့ရာမှ ၂၀၁၇ – ၁၈ တွင် ၆၉၉ ဒသမ ၀၄ သန်း ရှိလာသဖြင့် ၆၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ရေထွက်ပစ္စည်း ထုတ်ကုနု်များသည် လည်း ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ သန်း ၁၀၀၀ အထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း၊ ဆန်စပါး တင်ပို့မှုတွင်လည်း ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၅ သန်းအထိ တိုးတက် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်၌ တန်ချိန် ၂ ဒသမ ၂ သန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင် ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင် ရှင်းလင်း တင်ပြရာတွင် “မြန်မာ့ စီးပွားရေး ဘဏ်အနေဖြင့် တစ်နိုင်ငံလုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့ အတိုး နှုန်း ကိုးရာခိုင်နှုန်းဖြင့် တတိယ တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းရှင် စုစုပေါင်း ၂၇၀ ဦးအား ငွေကျပ် ၁၃၆၇၁ သန်း ထုတ်ချေးခဲ့ပါတယ်၊ နှစ်ဆင့်ချေးငွေ များကိုလည်း အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တတိယ တစ်နှစ်တာအတွင်း လုပ်ငန်းရှင်း ၃၈ ဦးအား ကျပ် ၆၀၆၅ သန်း ထုတ်ချေး ခဲ့ပါတယ်” ဟု ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်များ ထုတ်ချေးခဲ့ရာ၂၀၁၈ -၁၉ တွင် ကျပ် ၂၀၁၇ ဒသမ ၆၂ ဘီလျံအထိ ထုတ်ချေးရန်လျာထားကြောင်း၊ အကောက်ခွန်ဌာနအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ လျှော့ချရေး ဆောင်ရွက်လျက်ရှိရာ အထူးကင်းအဖွဲ့များက တစ်နှစ်တာ ဖမ်းဆီးရရှိမှု ခန့်မှန်းတန်ဖိုး ကျပ် ၃ ဒသမ ၈၆၅ ဘီလျံကျော်ရှိကြောင်း၊ ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်တို့၏ လူမှုဘ၀ တိုးတက် မြင့်မားရေးအတွက် အသေးစား ငွေကြေး အဖွဲ့အစည်း(micro finance) ၁၇၇ ဖွဲ့ကို ဖွဲ့စည်း လုပ်ကိုင်ခွင့် ပြုထားရာ တတိယ တစ်နှစ်တာအတွင်း ကျေးရွာပေါင်း ၂၂၀၆၃ မှ လူဦးရေ ငါးသန်းခန့်အား ကျပ်ငွေ ၆၂၆၇ ဘီလျံ ထုတ်ချေးနိုင်ခဲ့ပြီး စုဆောင်းငွေမှာလည်း ကျပ် ၄၈၇ ဘီလျံအထိ ရရှိခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက “ဂျပန်နိုင်ငံ အစိုးရနဲ့ အကူအညီပေးရေး စာချွန်လွှာ ငါးခု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့လည်း စီးပွား ကုန်သွယ် ပူးပေါင်း ဆောင်ရွက်ရန် ငါးနှစ် ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေးဆိုင်ရာ စာချွန်လွှာနဲ့ တရုတ် အစိုးရက အကူအညီ ယွမ် သန်းတစ်ထောင် ပေးမယ့် စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်း ဆောင်ရွက် ရေး သဘာတူစာချုပ်တို့ကို ရေးထိုးနိုင်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ထို့အပြင် ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၀၁၉ – ၂၀၂၀ အတွင်း အကူအညီပေးရေး စီမံချက် များ နှင့် ကိုရီးယား လုပ်အားပေးများ မြန်မာနိုင်ငံသို့ လာရောက် တာဝန်ထမ်းဆောင်ရေး ကိစ္စရပ် များကို ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာ – ထိုင်း ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်(၂၀၁၉ – ၂၀၂၁) ဆွေးနွေးပွဲအရ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ငွေကြေး ဖွံ့ဖြိုး တိုးတက်စေရေး စသည့် ကဏ္ဍငါးခုတို့ကို ကရင်၊ မွန်၊ ရခိုင် ပြည်နယ်တို့နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ထိုင်း ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် အရ ၂၀၁၈ -၂၀၂၂ အတွင်း မြန်မာနိုင်ငံအား ယူရို ၃၂ ဒသမ ၅ သန်း ပေးအပ်ရေး ညှိနှိုင်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ ယခု မေလအတွင်း ပြုလုပ်ခဲ့သော နှစ်နိုင်ငံ ဆွေးနွေးပွဲအရလည်း GIZ(German Development Cooperation) အဖွဲ့က ဆောင်ရွက်လျက်ရှိသည့် စီမံချက် လေးခုနှင့် အစီအစဉ် တစ်ခုအတွက် ဂျာမနီအစိုးရက၂၀၁၉ မှ ၂၀၂၃ အတွင်း ယူရို ၁၁ ဒသမ ၅ သန်း ဖြည့်စွက် ထောက်ပံ့ ရန် ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ EU က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်စေရန် ယူရို ၂၂၁သန်း ထောက်ပံ့ရေးအတွက် EU နှင့် မြန်မာ Financing Agreement လက်မှတ်ရေးထိုးနိုင် ခဲ့ကြောင်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံ ငွေအဖွဲ့ (UNICEF) နှင့် နိုင်ငံဆိုင်ရာ အစီအစဉ်(၂၀၁၈ – ၂၀၂၀)ကို အမေရိကန် ဒေါ်လာ ၂၀၇ ဒသမ ၅၀၈သန်းဖြင့်လည်းကောင်း၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) ၏ နိုင်ငံဆိုင်ရာ အစီအစဉ် မူဘောင်ကို အမေရိကန် ဒေါ်လာ ၇၁ သန်းဖြင့်လည်းကောင်း ဝန်ကြီးဌာန အနေဖြင့် နိုင်ငံ့ကိုယ်စား လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။(Xinhua)