Politics, Law & Military
ဗဟိုဘဏ်က တစ်နှစ်အတွင်း အပ်ငွေ လေလံ ကျပ် ဘီလျံ ၇၈၀၀ ကျော် ရရှိခဲ့

နေပြည်တော်၊ မေ ၂ ရက် (ဆင်ဟွာ)
၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဘဏ်များမှ ဗဟိုဘဏ်သို့ အပ်ငွေလေလံ (deposit Option) မှာလည်း ၇၈၉၄ ဘီလျံ ရရှိခဲ့ပြီး အစိုးရငွေတိုက်စာချုပ် ပမာဏ ကျပ် ၁၂၀၁ ဘီလျံနှင့် အစိုးရ ငွေတိုက်လက်မှတ် ပမာဏ ကျပ် ၃၆၂၂ ဘီလျံဖိုး ရောင်းချနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ယနေ့ညနေပိုင်းတွင် ပြောခဲ့သည်။
ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည့်နိုင်ငံတော်၏ ဘတ်ဂျက် လိုငွေအား ဗဟိုဘဏ်က ဖြည့် ဆည်းပေးရခြင်းကို လျှော့ချနိုင်ရန်နှင့် ထိရောက်သော အစိုးရကြွေးမြီ စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရန် အတွက် အစိုးရငွေတိုက်လက်မှတ် (Treasury bill)နှင့် ငွေတိုက် စာချုပ် (treasure bond) များကို အစိုးရကိုယ်စား ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။
ထို့အပြင် နိုင်ငံခြား ဘဏ်ခွဲ ၁၃ ခုတို့ကို ပွင့်လင်းမြင်သာသော တင်ဒါပုံစံဖြင့် ရွေးချယ် ဖွင့်လှစ်ပေး ခဲ့ပြီး ထိုဘဏ်များသည် ပြည်တွင်း ဘဏ်များမှ တစ်ဆင့်သော်လည်းကောင်း၊ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်း၍ လည်းကောင်း ပြည်တွင်း ကုမ္ပဏီများကို Loan Project များ ချေးခြင်း၊ Trade Finance များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှု တိုးတက်ရေး အတွက် မြန်မာနိုင်ငံရှိ ဘဏများအားလုံးကို အီလက်ထရွန်နစ်နည်းပညာဖြင့် ချိတ်ဆက် ထားသော CBM-Net ကို ၂၀၁၆ နှစ်ဆန်းတွင် စတင်နိုင်ခဲ့ကြောင်း၊ ကတ်စနစ်ငွေပေးချေမှု စနစ် ပြုလုပ်နိုင်ရန် နိုင်ငံတကာကတ်များ ဖြစ်သည့် visa Card, Master Card, JCB Card, UPI Card တို့ကို ခွင့်ပြုထားကြောင်း၊ ၂၀၁၇ ဇန်နဝါရီလတွင် ပြည်တွင်း ပြည်ပ အသုံးပြုနိုင်သည့် နိုင်ငံတကာ Credit card များလည်း ထုတ်ဝေခွင့်ပြုခဲ့ကြောင်း ဦးဆက်အောင်က ရှင်းပြခဲ့သည်။ (Xinhua)