Politics, Law & Military
အဂတိ တိုက်ဖျက်ရေးလုပ်ငန်း ပိုမိုလုပ်ဆောင်သွားမည်ဟု ဥက္ကဋ္ဌ ဦးအောင်ကြည်ပြော
နေပြည်တော်၊ မေ ၂၀ ရက်(ဆင်ဟွာ)
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို လာမည့် နှစ်များအတွင်း ပိုမို တိုးတက်အောင် လုပ်ဆောင်သွားရန် လွှတ်တော် ကိုယ်စားလှယ် အများစု၏ အကြံပြုချက်ကို ကော်မရှင်က လေးစားစွာ လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။
“အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးများ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည့်အတိုင်း စုံစမ်းစစ်ဆေးရေး၊ တရားစွဲဆိုရေး လုပ်ငန်းကိုသာမက ကာကွယ် တားဆီးရေးနဲ့ ပညာပေး လုပ်ငန်းများကိုပါ တစ်ပြိုင်နက်တည်း တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟုလည်း ကော်မရှင် ဥက္ကဌက ဖြည့်စွက်ပြောကြားခဲ့သည်။
တစ်နိုင်လုံးတွင် ဓလေ့စရိုက်သဖွယ် ပြန့်နှံ့နေသည့် အဂတိလိုက်စားမှု စနစ်ဆိုး(Systemic Corruption) ကို တိုက်ဖျက်ရာ၌ ကော်မရှင်က ချဉ်းကပ်နည်း သုံးနည်းကိုအသုံးပြုလျက် ရှိကြောင်း၊ ပထမနည်းမှာ အဇ္ဈတ္တ စေ့ဆော်မှု(intrinsic motivation)၊ ဒုတိယ နည်းမှာ မိသားစု စေ့ဆော်မှု (family motivation) နှင့် တတိယ နည်းမှာ ဗဟိဒ္ဓ စေ့ဆော်မှု (extrinsic motivation) ဖြစ်ကြောင်း၊ ပထမနည်းက ကာယကံရှင်၏ စဉ်းစားတွေးခေါ်မှု၊ တန်ဖိုးထားမှု၊ယုံကြည်မှုများမှတစ်ဆင့် ကောင်းမွန် သော စိတ်နေ စိတ်ထား အမူအကျင့်များ ဖြစ်ပေါ်လာစေပြီး အချိန်ကာလတစ်ခုတွင်အဂတိ ယဉ်ကျေး မှု အပြီးတိုင် ချုပ်ငြိမ်းစေမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဆယ်စုနှစ်တစ်ခုမက အချိန်ယူရမှာ ဖြစ်ကြောင်း၊
ဒုတိယနည်းမှာ အဂတိလိုက်စားမှု မဖြစ်မီ ကြိုတင်ကာကွယ်တားဆီးခြင်းဖြစ်ပြီး လက်ရှိ၌ အဂတိ ဖြစ်နိုင်သည့် အန္တရာယ်ဇုန်အတွင်း ဝင်ရောက်နေသည့် နိုင်ငံ့ ဝန်ထမ်းများကို CPU (Corruption Prevention Unit) များ ဖွဲ့စေခြင်း၊ ကျင့်ဝတ် (Code of Conduct) များ လိုက်နာစေခြင်းဖြင့် လည်း ကောင်း၊ စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်တိုင်ရေးဆွဲပြီး လိုက်နာစေသည့် ကျင့်ဝတ်များဖြင့် လည်း ကောင်း ဖြောင့်မတ် တည်ကြည်မှု ရရှိလာအောင် တတ်နိုင်သမျှ မိသားစု စိတ်ဓာတ်ဖြင့် ထိန်းကျောင်း ပေးသည့် နည်း ဖြစ်ကြောင်း။
တတိယ နည်းမှာ ဆုပေး ဒဏ်ပေးသည့် နည်းဖြစ်ပြီး ကော်မရှင်အနေဖြင့်မူ စုံစမ်း စစ်ဆေး တရားစွဲ ဆိုသည့် ဒဏ်ပေးခြင်းသာ တတ်နိုင်ကြောင်း၊ မည်သည့်နည်းကြောင့်ပင်ဖြစ်စေ အဂတိလိုက်စားမှုများ လျော့ကျလာသည့်အခါ နိုင်ငံတော် အစိုးရက လုပ်ခ လစာနှင့် စရိတ်များ တိုးပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ပေါ်ပေါက်စေခြင်း၊ ရထူးနေရာ တိုးပေးခြင်း၊ နေစရာ အိုးအိမ် စီစဉ်ပေးခြင်း စသည့် ဆုချီးမြှင်မှုများ ဖြစ်လာနိုင်သည်ဟု ကော်မရှင်က ယုံကြည်ပါကြောင်းလည်း ဥက္ကဌက ပြောကြား ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ရက်နေ့တွင် ကော်မရှင် ဥက္ကဌက ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်း အစီရင်ခံ စာ အား လွှတ်တော်သို့ တင်ပြခဲ့ပြီး ယခင်အပတ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ၃၃ ဦးတို့က အစီရင်ခံစာအပေါ် ကျယ်ပြန့်စွာ ဆွေးနွေး အကြံပြုခဲ့သည်။ အဆိုပါ ဆွေးနွေးအကြံပြုချက်များအပေါ် ကော်မရှင် ဥက္ကဌက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၂၉ ရက်၌ တင်ပြခဲ့သည့် အစီရင်ခံစာတွင် ကော်မရှင်သည် ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းစီမံချက် ခုနစ်ရပ်ကို ရေးဆွဲ ချမှတ်ပြီး မဟာဗျူဟာ စီမံချက် ကာလတို (၂၀၁၈ – ၂၀၂၁ )ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း တိုင်ကြားစာပေါင်း ၁၀၅၄၃ စောင် ရရှိခဲ့ကြောင်း၊ အဆိုပါ အရေအတွက်မှာ ယမန်နှစ် ကထက် ငါးဆမျှ ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးသည့် တိုင်ကြားစာ ၄၆ စောင် ရှိပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့များသို့ လွှဲပြောင်း ပေးပို့သော တိုင်ကြားစာ ၁၇၉၅ စောင် ရှိကြောင်း၊ ဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေး အကြံပြုခဲ့သော တိုင်ကြားစာ ၅၂၈၆ စောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အကျုံးမဝင်သော တိုင်ကြားစာ ၂၈၂၄ စောင်တို့အား ပြည်သူ တစ်ဦးချင်းထံ ပြန်ကြားပေးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနနှင့်အစိုးရအဖွဲ့အစည်းများသို့လွှဲပြောင်း ပေးပို့ခဲ့သော တိုင်ကြားစာများနှင့် ပတ်သက်၍ နိုင်ငံ့ ဝန်ထမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားသည့် အရေအတွက်မှာ ၅၃၈ စောင် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။(Xinhua)