Connect with us

Politics, Law & Military

ဆင်းရဲချမ်းသာ ကွာဟမှု နည်းပါးရေး ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

နှစ်(၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်နိုင်ရေး အတွက် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ဆင်းရဲ ချမ်းသာ ကွာဟမှု နည်းပါးရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး၌ ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံအတွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဆွေးနွေး ပြောကြားနေစဉ် (ဓာတ်ပုံ-Myanmar President Office)

ယခု အစည်းအဝေးသည် အာဆီယံ-ရုရှား ဆက်ဆံရေးတွင် အဓိကျသော မှတ်တိုင်တစ်ခု ဖြစ်ပြီး ရုရှားနိုင်ငံသည် အာဆီယံ နိုင်ငံများ အတွက် အရေးကြီးသည့် မိတ်ဖက် ဆက်ဆံရေး နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ထိပ်သီး အစည်းအဝေးတွင် အာဆီယံ-ရုရှား ဆက်ဆံရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံ အနေဖြင့် အာဆီယံ ဒေသအတွင်း စွမ်းအင်နှင့် အစားအသောက် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို မြင်တွေ့လိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်ဖက်ဘုံ သဘောဆောင်သော တူညီသည့် အမြင်များ ရှိကြောင်း၊ ကမ္ဘာ့ စီးပွားရေး ဆိုင်ရာ အခက်အခဲများကို နှစ်ဦးနှစ်ဖက် အတူတကွ ပူးပေါင်းဖြေရှင်း သွားကြမည် ဖြစ်ကြောင်း၊ အာဆီယံသည် စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အလေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး အပြီးတွင် ဆိုချီ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကြေညာချက်တွင် အဓိက အားဖြင့် မိတ်ဖက် ဆက်ဆံရေး တိုးတက်အောင် ဆက်လက် ဆောင်ရွက်ရန်ကိစ္စ၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ ဖွံ့ဖြိုး တိုးတက်မှု ကွာဟမှု နည်းပါးစေရေးနှင့် ပေါင်းစည်း ဆက်သွယ်ရေး ကိစ္စ၊ ပူးပေါင်းဆောင်ရွက်မှုများ သဘော တူညီချက်များ အပေါ် အကောင်အထည် ဖော်ဆောင်ရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဘရူးနိုင်း ဒါရုဆလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများလည်း တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.