Politics, Law & Military
၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဝန်ကြီး ၊ ဒုဝန်ကြီး အဆင့် အပါအဝင် အရာရှိပေါင်း ၇၅၉ ဦးကို တရုတ်စီးပွားရေးဝန်ကြီးဌာနက သင်တန်းပေးခဲ့
ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန ( MOFCOM) သည် ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သယံဇာတ နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးလှဝင်းလှ ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစောအောင် အပါအဝင် အရာရှိပေါင်း ၇၅၉ ဦးကို မွမ်းမံ သင်တန်းပေးလေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန(MOFCOM) ၏လေ့ကျင့်မှုအစီအစဉ်တွင် အရာရှိမွမ်းမံသင်တန်းများ၌ ၆၁၉ ဦး ၊ နည်းပညာပိုင်းလေ့ကျင့်သင်ကြားမှုများ အတွက် ၁၃၂ ဦး နှင့် ဘွဲ့လွန်သင်တန်းအတွက် ၈ ဦးပါဝင်ကြောင်း သိရပြီး ယင်းအရေအတွက်သည် တရုတ်နိုင်ငံက ရက်တိုသင်တန်းပို့ချမှုတွင် အခြားကမ္ဘာ့နိုင်ငံများထက် မြန်မာနိုင်ငံသင်တန်းသားဦးရေကို အများဆုံး လက်ခံ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းကာလများမှာ ရက်ပေါင်း ၂ဝ မှ ၉ဝ အထိကြာမြင့်ခဲ့ပြီး သင်တန်းကုန်ကျစားရိတ်အားလုံးကို တရုတ်နိုင်ငံအစိုးရမှ ကျခံပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစီးပွားရေး သံမှူးရုံးမှ မွန်းမံသင်တန်း တာဝန်ခံအရာရှိ ဒုတိယအတွင်းဝန် Ms.Zhao Jin က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxing နှင့် တရုတ်နိုင်ငံ၌ မွမ်းမံသင်တန်းတက်ရောက်မည့် မြန်မာနိုင်ငံမှ ပါမောက္ခများ ၊ ဆရာဆရာမများနှင့်အတူ မင်္ဂလာဒုံလေဆိပ်တွင် ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-မြန်မာ နှစ်နိုင်ငံ ရွှေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး တရုတ်အစိုးရက မြန်မာနိုင်ငံအား တတ်စွမ်းသမျှ အကူအညီထောက်ပံ့မှုများပြုလုပ်နေခဲ့ရာ ၂ဝ၁၆ ခုနှစ်အတွင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွက် မွေးထုတ်ပေးခဲ့သော သင်တန်းသားဦးရေသည် အာရှဒေသတွင် စတုတ္ထအများဆုံးရှိခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာတွင် အဋ္ဌမနေရာ၌ ရှိနေခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလတိုသင်တန်းများအပြင် တရုတ်အစိုးရပညာသင်ဆု ၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန MOFCOM ပညာသင်ဆု နှင့် အခြားပညာသင်ဆုအမျိုးမျိုးဖြင့် မြန်မာနိုင်ငံမှ သင်တန်းသားများကို တရုတ်နိုင်ငံတွင် ပညာသင်ပေးလျက်ရှိရာ ၂ဝ၁၆ ခုနှစ်အတွင်း B.A ဘွဲ့၊ မဟာဘွဲ့နှင့် Ph.D ပါရဂူဘွဲ့အသီးသီးအတွက် သင်တန်းသားပေါင်း ၁ဝ၈ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်စီးပွားရေးသံမှူးရုံးအစီအစဉ်ဖြင့် ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံအသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဆရာ၊ဆရာမ နှင့် အရာရှိပေါင်း ၁၇ ဦး နှင့် မူလတန်းကြို ၊ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း နှင့် တက္ကသိုလ်ကျောင်းများမှ ဆရာ၊ဆရာမပေါင်း ၆ဝ ဦးကိုလည်း တရုတ်နိုင်ငံ၌ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံသင်တန်းသားများအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော နယ်ပယ်များမှာ ပညာရေး ၊ ယဉ်ကျေးမှု ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ ကုန်သွယ်ရေး ၊ ဘဏ္ဍာရေး ၊ အုပ်ချုပ်ရေး ၊ စက်မှုလုပ်ငန်း ၊ စိုက်ပျိုးရေး ၊ ငါးလုပ်ငန်း ၊ သစ်တော ၊ ဆက်သွယ်ရေး ၊ လေကြောင်း ၊ စွမ်းအင် ၊ မီဒီယာ ၊ ရဲဘက်ဆိုင်ရာ ၊ ဥပဒေပြုရေး ၊ ကြိုတင်ကာကွယ်ရေး နှင့် စီမံခန့်ခွဲရေး စသည့် နယ်ပယ်အသီးသီးနှင့် ဆက်နွယ်မှုရှိသော မွမ်းမံသင်တန်းများဖြစ်ကြောင်း သိရသည်။(Xinhua)