Connect with us

Politics, Law & Military

NCA ကို ပြင်ဆင် ဖြည့်စွက်ရန်အတွက် တိုင်းရင်းသားများမှ ၁၅ ဦးပါ ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် တိုင်းရင်းသား ညီလာခံ တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုး မှ ဇွန်လ ၈ ရက်နေ့တွင် မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်စာချုပ် (NCA) မူကြမ်းပါ အချက်အလက် အချို့ကို ပြင်ဆင် ဖြည့်စွက်ရန်အတွက် တိုင်းရင်းသားများဘက်မှ အဖွဲ့ဝင် ၁၅ ဦးပါ ညှိနှိုင်းရေး အဖွဲ့ကို ယနေ့ ဖွဲ့စည်း လိုက်ကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင်၊ ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုကွယ် ထူးဝင်းက ပြောကြားသည်။

လော်ခီးလာ တိုင်းရင်းသား ညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နှစ်ခွဲခန့်ကြာ ပူးတွဲ ညှိနှိုင်းရေး ဆွဲအတည်ပြုထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) ကို အသေးစိတ် ဆွေးနွေးကြပြီး အချက် ၁၅ ချက်ကို ပြင်ဆင် ဖြည့်စွက်ရန် ဇွန်လ ၇ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် တိုင်းရင်းသား ညီလာခံ တရပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ဇွန်လ ၈ ရက်နေ့၌ ကျင်းပ နေစဉ် (ဆင်ဟွာ)

အဆိုပါ ညှိနှိုင်းရေး အဖွဲ့တွင် ခေါင်းဆောင်အဖြစ် ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် အဖွဲ့ဝင်များအဖြစ် ကချင် လွတ်မြောက်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ လားဂျာ၊ ကချင် လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်ဟံသာ၊ ပအို့ဝ် လွတ်မြောက်ရေး တပ်ဦးမှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင် လွတ်မြောက်ရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းစသူ နှင့် တအောင်း( ပလောင်) တပ်ဖွဲ့ဝင် တစ်ဦးတို့ ပါဝင်သည်။

“NCCT ကိုလဲ မဖျက်သိမ်းဘူး၊ အစိုးရနဲ့ နောက်ပိုင်း ဆွေးနွေးမှုတွေမှာ ဒီအသစ်ဖွဲ့လိုက်တဲ့ ၁၅ ဦး အဖွဲ့က ဦးဆောင် ဆွေးနွေးမယ်၊ NCCTလဲ ပါဝင် ဆွေးနွေးမယ်” ဟု NCCT အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာ၌ ကိုးကန့်၊ ရခိုင်နှင့် တအောင်း (ပလောင်) တပ်ဖွဲ့များ ပါဝင်မှ လက်မှတ်ထိုးရန် ဇွန်လ ၇ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.