Connect with us

Myanmar

အာဆီယံအထူးသံတမန်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ ယနေ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ ပရက် ဆော့ခွန်းနှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ ယနေ့ (ဇူလိုင် ၁ ရက်) နေပြည်တော်တွင် တွေဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယင်း အာဆီယံအထူးသံတမန်သည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ ၇ ဖွဲ့ဖြစ်သည့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် ရွက်ဆစ်အဖွဲ့(RCSS/SSA)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး(DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)နှင့် လားဟူဒီမိုကရက်တစ် သမဂ္ဂ(LDU) စသည့်အဖွဲ့များ၏ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အာဆီယံအထူးသံတမန်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ရာပြည့်နှင့်လည်း ယနေ့တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံအထူးသံတမန်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်သည် ကောင်းမွန်သည့် အကျိုးတရားနှင့် အရွေ့များရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ ပရက်ဆော့ခွန်းသည် ဒုတိယအကြိမ် အလုပ်သဘောခရီးစဉ်အဖြစ် ဇွန် ၂၉ ရက်နေ့မှ ဇူလိုင် ၃ ရက်ထိ လာရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)