Connect with us

Politics, Law & Military

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားကျင်းပ

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၅ ရက်)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(MICC-2)တွင် ကျင်းပခဲ့ကြောင်း သိရသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားပြီး (NCA) လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS (SSA) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့က မိန့်ခွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ အသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မစ္စတာတိန့်ကျီကျွမ်း၊အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် H.E.Mr.Vikram Misri၊ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Sihasak Phaung Ketkeow နှင့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်မင်းတို့က ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် တပ်မတော်ကို မုန်းတီး၍ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့ထိမရှိဘဲ နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်စွဲကိုင်ကြရာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

NCAစာချုပ်သည် လွယ်လင့်တကူပေါ်ပေါက်လာသော စာချူပ်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်သည့်နေမှ စပြီး စာချုပ်ရသည့်နေ့ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ကြောင်း၊ ထိုသို့ကြိုးစားဆောင်ရွက်မှုကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် အစိုးရ၊ လွှတ်တော်၊တပ်မတော်၊ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိသက်သေများ ပြည်တွင်းအသိသက်သေများ ရှေ့တွင် ခမ်းနားထည်ဝါစွာလက်မှတ်ထိုးထားသော စာချုပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က Union Accordအဖြစ် အသိအမှတ်ပြုထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်သွားမှုမရှိဘဲ တည်တံ့နေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

ထို့ပြက် NCAလက်မှတ်ထိုးထားသည့် အဖွဲ့များသည်လည်း ကတိကဝတ်များ လိုက်နာပြီး ထာဝရငြိမ်းချမ်းရေးကို လျှောက်လှမ်းရန် တိုက်တွန်းခဲ့ကြောင်း၊လက်မှတ်မထိုးရသေးသည့် အဖွဲ့များသည်လည်း NCA လက်မှတ်ထိုးပြီးငြိမ်းချမ်းရေးတည်ဆောက်ရန် ဖိတ်ခေါ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS (SSA) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က NCA လက်မှတ်ရေးထိုးထားခဲ့ကြသော မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် NCA ၏ အနှစ်သာရများ ဖြစ်သည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး ၊ သက်ဆိုင်သူ အားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသည့်မူများကို ကိုင်ဆွဲကာ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တစ်စိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့ကြောင်း ၊ ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ဆိုသည်ကို သက်ဆိုင်သူ အားလုံးကို အသိပေးတင်ပြလိုကြောင်း ဂုဏ်ပြုစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မိမိတို့သက်တမ်းတလျောက်မှာ ခါးသီးစွာ တွေ့ကြုံခံစားလာကြရတဲ့ လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ် ပြည်သူ၊ ပြည်သား၊ လူငယ် လူရွယ်များအတွက် ငြိမ်းချမ်းရေးဆိုတဲ့ အနှစ်သာရကို ချန်ရစ်ထားနိုင်ဖို့၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး မဆုတ်မနစ်ကြိုးပမ်းကြပါစို့” ဟုကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူထူးစေးဖိုးက ဆိုသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုလို့ မြင်ပါတယ်။ နိုင်ငံအတွင်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖြစ်ပေါ်ဖို့အတွက်ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်နိုင်တဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ လက်တွေ့ကျတဲ့အပေါ် အခြေခံပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သူအားလုံးက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်တာကနေ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို အမြန်ဆုံးလျှောက်လှမ်းနိုင်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ် ” ဟု NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ အသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မစ္စတာတိန့်ရှီးကျွင်းက NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံအဖွဲ့အစည်းများအားလုံးအနေဖြင့် ယခုလမ်းကြောင်းအတိုင်း ပြီးမြောက်အောင် ဆက်လက်လျှောက်လှမ်းကြရန် ထိုင်းနိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ မြန်မာပြည်သူများအကျိုးစီးပွားအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် နည်းလမ်းများ ရှာဖွေကြရာတွင် အဖွဲ့အစည်းများအားလုံးအနေဖြင့် ကြံ့ကြံ့ခံပြီး ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်မှုအားလုံးကို ကျော်လွှားကြရန် တိုက်တွန်းကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သည့် ၈ နှစ်က NCA၏ ရည်မှန်းချက်ပန်းတိုင်နှင့် ရည်ရွယ်ချက်အပေါ် ခိုင်မာယုံကြည်ခဲ့သည်မှာ ယနေ့ထိတိုင် ယုံကြည်စိတ်ချကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က ပြောသည်။

ထို့အတူ ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းတည်ငြိမ်မှုရှိပြီး သာယာဝပြောစွာ မှီတင်းနေထိုင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်နိုင်ရေး မျှော်မှန်းချက်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ပဋိပက္ခတွေကို နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်ရေးကို ဦးတည်ကာ NCA ယန္တရားကို ပိုမိုခိုင်မာစေဖို့ ၊ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့ ၊ လေးနက်ပြီး အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့အတွက် NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းများအားလုံးကို အိန္ဒိယနိုင်ငံမှ တိုက်တွန်းတောင်းဆိုလိုပါကြောင်း အိန္ဒိယနိုင်ငံ ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ်မစ်ဆရီက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အပါအဝင်၊ တပ်မတော် အရာရှိများ ၊ နစက အဖွဲ့ဝင်များ ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

NCA စာချုပ်ကို၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့ လက်မှတ်ထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ထပ်မံ လက်မှတ်ထိုးခဲ့သဖြင့် NCAလက်မှတ်ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ထိရှိလာပြီဖြစ်သည်။(Xinhua)