Politics, Law & Military
နမ့်ဆန်နှင့် ကျောက်မဲမြို့များတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နှင့် ကျောက်မဲမြို့များတွင် မြန်မာ့တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေးမှ သတင်းထုတ်ပြန်ထားသည်။
နမ့်ဆန်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာ၌ ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် TNLA အဖွဲ့ အင်အား၂၀ခန့်သည် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းက လိုက်လံတိုက်ခိုက်စဉ် ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့အဝင်ရှိ မန်ခိုက်နတ်စင်ကုန်းတစ်ဝိုက်၌ TNLA အဖွဲ့များက ခေတ္တခြေကုပ်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TNLA လက်နက်ကိုင်အဖွဲ့များက နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက်အနီးရှိ တာဝါတိုင်ကုန်းနေရာနှင့် ပတ္တမြားစေတီနေရာတို့မှ နမ့်ဆန်မြို့အတွင်းနှင့် တပ်မတော်လက်ဖက်ခြောက်စက်ရုံနေရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပစ်ခတ်မှုကြောင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့တပ်စခန်းအား TNLA အင်အား ၅၀ ဦးခန့်က ၆၀ မမစိန်ပြောင်း၊ RPG ၊ စက်လတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စခန်းရှိ တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)