Social
ပုဂ္ဂလိက ငှားရမ်းခ နှုန်းထားများထက် ဈေးနှုန်း သက်သာစွာဖြင့် ပင်စင်စားများနှင့် အလုပ်သမားများ အတွက် အငှားအိမ်ရာ စီမံကိန်းများကို အကောင် အထည်ဖော်မည်
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ပုဂ္ဂလိက ငှားရမ်းခ နှုန်းထားများထက် သက်သာသည့် နှုန်းထားများဖြင့် ပင်စင်စားများ နှင့် စက်မှုဇုန်မှ အလုပ်သမားများအား ငှားရမ်းပေးမည့် အငှားအိမ်ရာ စီမံကိန်းများကို အကောင် အထည်ဖော် ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးသန်းမြင့်မှ ဆင်ဟွာကို ယနေ့ ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုး ရေး ဦးစီးဌာန အနေဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြေဧက ၁၂.၅ ဧကကျော် ပေါ်တွင် အခန်းပေါင်း ၂,၀၀၀ ကျော် ပါဝင်မည့် အငှား အိမ်ရာ စီမံကိန်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကျီစု စက်မှုဇုန် အနီးရှိ မြေဧက ၃၀ ပေါ်တွင် အခန်းပေါင်း ၃,၄၀၀ ကျော် ပါဝင်မည့် အငှား အိမ်ရာ စီမံကိန်းကို စတင် အကောင်အထည်ဖော် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
“ပင်စင်စား ဝန်ထမ်းတွေ အတွက် အိမ်ခန်းတွေကို အခါ နှစ်ရှည် အငှားချဖို့ ရည်ရွယ်ပါတယ်။ ရွှေလင်ပန်း စက်မှုဇုန်ဘက်မှာလည်း စပြီးတော့ အကောင်အထည် ဖော်နေပါပြီ။ မြေလွတ်ရှိတဲ့ ပေါ်မူတည်ပြီး ဒီစီမံကိန်းကို အကောင်အထည် ဖော်သွားမှာပါ” ဟု ဦးသန်းမြင့်ကပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဒဂုံမြို့သစ် ၄ မြို့နယ် အတွင်းတွင် အငှား အိမ်ရာများ ဆောက်လုပ် အကောင်အထည် ဖော်ရန် စီစဉ် ဆောင်ရွက်နေကြောင်း၊ အဆိုပါ အငှား အိမ်ရာ စီမံကိန်းများကို ယခုဘဏ္ဍာ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)