Connect with us

Myanmar

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၁၃၀၀ကျော်နှင့် တရားစွဲဆိုခံနေရသူ ၄၀၀၀ကျော် အား လွတ်ငြိမ်းသက်သာခွင့်ပေး

မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသူ ၁၃၀၀ကျော်နှင့် တရားစွဲခံနေရသူ ၄၀၀၀ကျော်အား ယနေ့(အောက်တိုဘာ ၁၈ ရက်)တွင် လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းအပြီးတွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသူ ၁၃၁၆ဦးအား လွတ်ငြိမ်းသက်သာခွင့်နှင့် တရားစွဲခံနေရသူ ၄၃၂၀ ဦး၏ ကြားနာဆဲအမှုများကို ပိတ်သိမ်း၍ တရားခံများ အမှုမှ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အကျဉ်းကျခံနေရသူ ၁၃၁၆ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ (၁ )အရ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ဆူပူဆန္ဒပြစဉ်က ပါဝင်ခြင်း၊လူမှုကွန်ရက်ကိုအသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အရေးယူထားသည့် အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင်လူသိများသူ ၁၀ ဦးတို့အပေါ် အရေးယူထားသည့် အမှုများကို ဥပဒေနှင့် အညီပတ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း(၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၁၅ ရက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၁၁၄ ဦး၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ကို ပိတ်သိမ်းပေးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.