Connect with us

Politics

ကျွန်မ၏ အကြီးမားဆုံး ရည်မှန်းချက် မှာ မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ဖြစ်သည်:ဒေါ်အောင်ဆန်းစုကြည်

ပေကျင်း ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် DiaoYuTai နိုင်ငံတော် ဧည့်ဂေဟာတွင် သတင်းထောက်များ၏ တွေ့ဆုံမေးမြန်းခြင်းကို လက်ခံဖြေကြား ခဲ့ရာတွင် သူမ၏ အကြီးမားဆုံး ရည်မှန်းချက် မှာ မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် နှင့် အမျိုးသား စည်းလုံးညီညွတ်ရေး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု ကဲ့သို့ သတင်းထောက်များ ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း ပထမဆုံးအကြိမ် လက်ခံခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ ဖိတ်ကြားမှု အရ သြဂုတ်လ ၁၇ ရက်နေ့က ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး ၅ ရက်ကြာ လည်ပတ်ရေး ခရီးစဉ် ကို စတင် ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး တာဝန် ထမ်းဆောင်ချိန်မှ စ၍် ပထမဦးဆုံး သွားရောက် ခဲ့သည့် အာဆီယံ ပြင်ပ နိုင်ငံ မှာ တရုတ် နိုင်ငံ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး နှင့် အမျိုးသား စည်းလုံးညီညွတ်ရေးသည် မြန်မာ နိုင်ငံ အတွက် အလိုအပ်ဆုံး ဖြစ်ပြီး ငြိမ်းချမ်းရေး နှင့် ဝေးကွာနေလျှင် မြန်မာ နိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ တွင် လွတ်လပ်ရေး ရရှိချိန်မှ စတင်၍ အင်အား ကြီးငယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ ရှိခဲ့ပြီး၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စတင်၍ မြန်မာနိုင်ငံ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၉ ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို ဆောင်ရွက် နိုင်ခဲ့ပြီး လက်ရှိချိန်တွင် အဖွဲ့ ၈ ဖွဲ့ မှ ပါဝင် လက်မှတ်ရေး ထိုး နိုင်ခဲ့သည်။

ယခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ မှ စတင်၍ မြန်မာ နိုင်ငံ အစိုးရ မှ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ကို တရားဝင် ဖွဲ့စည်း နိုင်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA တွင် ပိုမို ပါဝင် လက်မှတ်ရေးထိုး နိုင်ရန် ရည်ရွယ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင် နိုင်ရန် ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် မြန်မာ နိုင်ငံသားများ၏ ကိစ္စရပ် ဖြစ်သော်လည်း တရုတ်နိုင်ငံသည် အရေးကြီးသော အိမ်နီးချင်း မိတ်ဆွေ နိုင်ငံဖြစ်ပြီး မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် အကောင်အထည်ဖော်နိုင်ရန် အရေးပါသည့် အခန်းကဏ္ဍတွင် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တက်အားသရွေ့ ကူညီသွားမည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီး အချက် ၃ ချက်ရှိပြီး ၎င်းတို့မှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးခြင်း ၊ စွမ်းအင် နှင့် တည်ဆောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် အစီအစဉ် ချမှတ်ခြင်း နှင့် စိုက်ပျိုးရေး ကဏ္ဍ နည်းစနစ် သစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း တို့ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ သည် အလုပ်လက်မဲ့ ရာခိုင်နှုန်း အလွန်မြင့်မားသည့် နိုင်ငံ ဖြစ်ပြီး လူမှုဘဝ မြှင့်တင်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရမည် ဖြစ်ကြောင်း ၊ ထိုမှသာလျှင် ပြည်သူလူထု အနေဖြင့် ဂုဏ်သိက္ခာ ရှိပြီး အာမခံချက် ရှိသည့် နေထိုင်မှုဘဝ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ပြည်သူ အများစု မှာ လယ်ယာ စိုက်ပျိုးရေး ဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသောကြောင့် အစိုးရ အနေဖြင့် ခေတ်မီ စိုက်ပျိုးရေး ကဏ္ဍတည်ဆောက်ပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဖခင်ချန်ရစ်ထား ခဲ့သည့် တန်ဖိုးအရှိဆုံး စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်မှာ ရိုးသားဖြောင့်မတ်သည့် ခေါင်းဆောင် တစ်ယောက်လုပ်ပြီး ပြည်သူလူထုကို စိတ်ရင်းသဘောထား အမှန်ဖြင့် ဆက်ဆံရမည် ဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင် ပြည်သူတစ်ရပ်လုံးမှ မျှော်လင့်တောင့်တသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို အကောင်အထည် ဖော်ရမည် ဖြစ်ပြီး ဤသည်မှာလည်း သူမဖခင်၏ ရည်မှန်းချက်ဖြစ်ပြီး နိုင်ငံ အတွက်လည်း အလိုအပ်ဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် က ခေတ်အဆက်ဆက် မြန်မာ နိုင်ငံ အစိုးရ သည် ဘက်မလိုက်ရေးဝါဒ ကို ကျင့်သုံးခဲ့ပြီး လက်ရှိ အစိုးရသည်လည်း ယင်းမူဝါဒကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ် နိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့် ဆက်လက်၍ ရိုးသားမှန်ကန် စွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)