Connect with us

Europe

ကမ္ဘာ့အသက်ကြီးဆုံးလူသား အဖွားအို၏ ၁၁၇ နှစ်ပြည့်မွေးနေ့ပွဲကျင်းပ


ရောမ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် စဉ်းစားသတ်မှတ်ခံရသော အဖွားအို၏ ၁၁၇ နှစ်ပြည့် မွေးနေ့ပွဲကို အီတလီနိုင်ငံ အနောက်မြောက်ပိုင်း၌ နိုဝင်ဘာလ ၃ဝ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဖွားအို Emma Morano ကို ၁၈၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် Vercelli မြို့အနီးရှိ ရွာငယ်လေးတစ်ရွာတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း နှင့် Verbania မြို့အပြင်ဘက် Maggiore ရေကန်ကြီး၏ အနောက်ပိုင်းတွင် ၂၅ နှစ်ကျော် နေထိုင်ခဲ့ကြောင်း သိရသည်။
Morano ၏ ၁၁၇ နှစ်ပြည့် မွေးနေ့ပွဲကို Verbania မြို့တော်ဝန် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အီတလီနိုင်ငံ သမ္မတ Sergio Mattarella က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု ANSA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
“ ဖွားဖွား ရဲ့ ၁၁၇ နှစ်ပြည့်မွေးနေ့ပွဲ အတွက် အလွန်ပျော်ရွှင် ဂုဏ်ယူမိပါတယ်” ဟု အီတလီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ ထို့ပြင် “ အီတလီနိုင်ငံသား အားလုံးကိုယ်စား ၁၈ဝဝ ပြည့်လွန်နှစ် ကာလရဲ့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ဖွားဖွားအတွက် ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေကြောင်း ဆုမွန်းကောင်းတောင်းပါတယ်” ဟု သမ္မတ၏ သဝဏ်လွှာတွင် ဖြည့်စွက်ဖော်ပြထားသည်။

ကမ္ဘာ့အသက်အကြီးဆုံးဖြစ်သော အဖွားအို Emma Morano ၏ ၁၁၇ နှစ်မြောက်မွေးနေ့ကို ကျင်းပနေစဉ်(ဆင်ဟွာ)

ကမ္ဘာ့အသက်အကြီးဆုံးဖြစ်သော အဖွားအို Emma Morano ၏ ၁၁၇ နှစ်မြောက်မွေးနေ့ကို ကျင်းပနေစဉ်(ဆင်ဟွာ)
Morano သည် ၁၈ဝဝ ပြည့်လွန်နှစ်ကာလဆီက မွေးဖွားခဲ့သည့် သက်ရှိကျန်ရစ်သူ လူသားတစ်ဦးဖြစ်ကြောင်း ယုံကြည်ရသည်။သူသည် ရာစုနှစ်သုံးခု၏ သက္ကရာဇ်များကို သိမီခဲ့သူတစ်ဦးဖြစ်ပြီး အီတလီနိုင်ငံ၏ နောက်ဆုံး မင်းဆက်သုံးပါးကို သိမြင်ခဲ့ရသူဖြစ်သည်။ ထို့ပြင် အီတလီနိုင်ငံသည် ဘုရင်စနစ်မှ သမ္မတအုပ်ချုပ်သည့်စနစ် အကူးအပြောင်းကိုလဲ ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး ဒါဇင်ပေါင်းများစွာသော အီတလီနိုင်ငံသမ္မတ များကို ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်သည်။

အဖွားအို Morano သည် ပထမကမ္ဘာစစ်အတွင်း ၎င်း၏ ချစ်သူ ကို စွန့်လွှတ်ခဲ့ရပြီးနောက် ခပ်ဆိုးဆိုးအမျိုးသားတစ်ဦးကို မချစ်ကြိုက်ဘဲ လက်ထပ်ခဲ့ရကြောင်း La Stampa သတင်းစာကရေးသားထားသည်။
ထို့ပြင် ၁၉၃၀ ပြည့်လွန်နှစ်များက အဆိုပါ အမျိုးသားနှင့် အိမ်ထောင်မကွဲမီ ရင်သွေးငယ်တစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထို့နောက်တွင် Morano သည် တစ်ဦးတည်းနေထိုင်ခဲ့ပြီး အသက် ၆၅ နှစ်အရွယ်ထိ စက်ရုံအလုပ်သမားဘဝဖြင့် အသက်မွေးခဲ့သည်။
ယခုကဲ့သို့အသက်ရှည်ရှည် အနာကင်းကင်းနေထိုင်နိုင်ခြင်းမှာ ၎င်း၏ အစားအသောက်ကြောင့်ဖြစ်ကြောင်း ၊ ဖွားဖွား Morano သည် လွန်ခဲ့သော ဆယ်နှစ်ခန့်မှစ၍ တစ်ရက်လျှင် ကြက်ဥ သုံးလုံး နေ့စဉ်စားသုံးကြောင်း နှင့် လက်ရှိတွင် ကြက်ဥ နှစ်လုံး ပုံမှန်စားသုံးကြောင်း သိရသည်။
ထို့ပြင် ၎င်းသည် ဘီစကစ်မုန့်ကို နှစ်သက်သူတစ်ဦးဖြစ်ပြီး ဟင်းသီးဟင်းရွက်ကို အနည်းငယ်ခန့်သာစားသုံးကြောင်း Morano ၏ ကိုယ်ရေးဆရာဝန် ပြောကြားချက်အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.