Connect with us

North America

F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ UAE နိုင်ငံသို့ ရောင်းချပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Ellington လေဆိပ်တွင် F-35 ကိုယ်ပျောက်တိုက်လေယာဉ်ပျံသန်းနေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်အမတ်များက စစ်လက်နက်များရောင်းချခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေစဉ်အတွင်းမှာပင် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များကို အာရပ်စော်ဘွားများပြည်ထောင်စု(UAE) သို့ ရောင်းချပေးသွားရန် နိုဝင်ဘာ ၁၀ ရက်က အတည်ပြုလိုက်ကြောင်းသိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမိုက်ပွန်ပီယို၏ နိုဝင်ဘာ ၁၀ ရက်ထုတ်ပြန်ကြေညာချက်တစ်စောင်တွင် အမေရိကန်ဒေါ်လာ ၁၀.၄ ဘီလီယံတန်ဖိုးရှိ F-35 ဂျက်တိုက်လေယာဉ် အစင်း ၅၀ ၊ ဒေါ်လာ ၂.၉၇ ဘီလီယံတန်ဖိုးရှိ MQ-9B မောင်းသူမဲ့ဒရုန်း ၁၈ စင်း နှင့် ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ ကျည်ဆံ/ဗုံးစသည့် စစ်လက်နက်များအပါအဝင် ခန့်မှန်းခြေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၃.၃၇ ဘီလီယံ တန်ဖိုးရှိသော ဧရာမစစ်ရေးဆိုင်ရာအသုံးအဆောင်များရောင်းချမှု သဘာတူညီချက်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်တွင် ပြုလုပ်သော   UAE ၊ ဘာရိန်း  ၊ အစ္စရေးသုံးနိုင်ငံ ပုံမှန်ဆက်ဆံရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနား မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

“ ဒီလို UAE နိုင်ငံအတွက် အမေရိကန်နိုင်ငံက စစ်လက်နက်တွေရောင်းချပေးဖို့ အဆိုပြုချက်ဟာ အစ္စရေးရဲ့ စစ်ရေးစွမ်းဆောင်မှုမြှင့်တင်ရေးအမေရိကန်မူဝါဒ(QME) ကို ခိုင်မာအားကောင်းလာအောင် အမေရိကန်ရဲ့ ကာလရှည်ကြာကတိကဝတ်နဲ့အတူ ယင်းမူဝါဒနဲ့ ကိုက်ညီတဲ့ မိတ်ဖက်နိုင်ငံတွေထဲမှာ ယူအေအီးကို ပိုမိုအားကောင်းတဲ့ နိုင်ငံအဖြစ်ပါဝင်လာစေမှာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ၏ (QME) Qualitative Military Edge သည် အမေရိကန်နိုင်ငံ တရားဝင် စံနှုန်းသတ်မှတ်ချက် တစ်ခုကို ရည်ညွှန်းပြီး အစ္စရေးနိုင်ငံအနေဖြင့် စစ်ရေးဆိုင်ရာနည်းပညာများတွင် အခြားသောဒေသတွင်းနိုင်ငံများထက် ပိုမိုရှေ့တန်းရောက်ရှိနေရမည်ကို ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်သည်။
အမေရိကန်နိုင်ငံ နှင့် UAE နိုင်ငံအကြား F-35 ရောင်းချရေးသဘောတူညီချက်သည် ပြီးခဲ့သော စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်က ကမကထပြုလုပ်ခဲ့သော UAE နှင့် အစ္စရေးနိုင်ငံအကြား ပုံမှန်ဆက်ဆံရေးသဘောတူညီချက်တွင် ပါဝင်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက UAE နိုင်ငံ၏ F-35 တိုက်လေယာဉ်ဝယ်ယူမှုအပေါ် ကနဦး ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ သို့သော် ဒေသတွင်း၌ အစ္စရေးနိုင်ငံ၏ စစ်ရေးစွမ်းဆောင်မှု ပိုမိုရှေးတန်းရောက်စေရှိရန် အမေရိကန်နိုင်ငံက ကတိကဝတ်ပြုခဲ့ပြီးနောက်တွင် အစ္စရေး၏ ရပ်တည်ချက်ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက F-35 တိုက်လေယာဉ်ရောင်းချမှုနှင့်ပတ်သက်၍ လွန်ခဲ့သော နှစ်ပတ်က ကွန်ဂရက်သို့ တရားဝင်အသိပေးမှုပြုလုပ်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီကွန်ဂရက်လွှတ်တော်အမတ်များအကြားတွင် စိုးရိမ်ပူပန်မှု မြင့်တက်စေခဲ့သည်။

အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ Eliot Engel က အောက်တိုဘာ လကုန်ပိုင်းတွင်ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ကွန်ဂရက်အနေဖြင့် F-35 တင်ပို့မှု၏ သက်ရောက်မှုရလဒ်များအားလုံးကို ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ “ ဒီဟာတွေကို အလျင်စလိုရောင်းချခြင်းက ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ အကျိုးမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဒီမိုကရက်တစ်ပါတီကွန်ဂရက်လွှတ်တော်အမတ်က F-35 ဂျက်တိုက်လေယာဉ်များကို UAE နိုင်ငံသို့ရောင်းချခြင်းဖြစ် ပင်လယ်ကွေ့ဒေသတွင်း စစ်ရေးချိန်ခွင်လျာ အပြောင်းအလဲ နှင့် အစ္စရေးနိုင်ငံ၏ စစ်ရေးစွမ်းဆောင်မှုအပေါ် သက်ရောက်မှုဖြစ်လာနိုင်သည့် အလားအလာများကို မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် ၎င်းက F-35 ၏ ( အထိအခိုက်မခံသည့် နည်းပညာပိုင်း ယိုစိမ့်မှု ) အခြားနိုင်ငံများက ယင်းနည်းပညာများကို ရယူသွားနိုင်ဖွယ်ရှိသည့်အလားအလာအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး ယင်းရောင်းချမှုမှတစ်ဆင့် အစ္စရေးနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးအတွက် အခြားသောအာရပ်နိုင်ငံများက စစ်လက်နက်အပြန်အလှန်ဖလှယ်ရေးကို တောင်းဆိုမှုများပြုလုပ်လာနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါရောင်းချမှုအဆိုပြုချက်အတွက် ကွန်ဂရက်၏ အတည်ပြုချက်ရယူရန်လိုအပ်နေသည်။ အကယ်၍ ရောင်းချမှုအလုံးစုံပြီးမြောက်ခဲ့ပါက UAE နိုင်ငံသည် အစ္စရေးနိုင်ငံပြီးနောက် ပင်လယ်ကွေ့ဒေသတွင် အဆိုပါ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ပိုင်ဆိုင်သည့် ဒုတိယမြောက်နိုင်ငံဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.