Connect with us

Politics, Law & Military

ကလေးစစ်သားများ ပြန်လည်ဝင်ဆံ့ရေး လမ်းညွှန်စာအုပ် ထွက်မည်

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း အဖွင့်အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် ရရှိသော ကလေးသူငယ်များအား လူမှု ပတ်ဝန်းကျင်အတွင်း ပြန်လည် ဝင်ဆံ့ပေါင်းစည်း ရေးဆိုင်ရာ နည်းပညာ လမ်းညွှန် (Guide line) စာအုပ် မကြာမီ ထွက်ရှိလာမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ယနေ့ ပြောကြားသည်။

“ကလေး စစ်သားအဖြစ်က နုတ်ထွက်လာတဲ့ ကလေးတွေ ပြန်လည်ဝင်ဆံ့ဖို့က ငွေကြေးထောက်ပံ့ ပေးရုံနဲ့ မပြီးသေးပါဘူး၊ ရေရှည်ထောက်ပံ့ပေးနိုင်ဖို့အတွက် assessment တွေ လုပ်ပေးနိုင်ဖို့ လို အပ်ပါတယ်၊ သူတို့ ဘ၀ လုံခြုံမှု ရှိအောင်၊ အလုပ်အကိုင်ရရှိအောင် စတဲ့ပြန်လည် ထူထောင်နိုင်ဖို့ အတွက် management ကောင်းကောင်းနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီသွားကြဖို့လည်း လိုပါ တယ်၊ ဒီနေ့ အစည်းအဝေးကနေ နည်းပညာအဖွဲ့က ဆောင်ရွက်ထားတဲ့ guide line လမ်းညွှန်ကိစ္စ တွေကို အပြန်အလှန်ဆွေးနွေးပြီး အတည်ပြုကြပါမယ်၊ အဲဒီလမ်းညွှန်စာအုပ်လည်း မကြာခင် ထွက်လာပါမယ်”ဟု ၎င်းက ပြောခဲ့သည်။

UNICEF Myanmar CAAC Officer ဦးမြတ်မင်းသူ ရှင်းလင်း တင်ပြစဉ်။

ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး့ နည်းပညာလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲ ကျင်းပနေစဉ်။

အသက်မပြည့် ကလေးများအား တပ်မတော်မှ နုတ်ထွက်ခွင့် ပြုခြင်းကို ၂၀၁၂ ခုနှစ်မှ စတင် ဆောင် ရွက်ခဲ့ရာ ယနေ့၂၀၁၉ အထိ ၉၆၈ဦး ရှိပြီဟု သိရကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၁၇ – ၁၈ – ၁၉ ကာလအတွင်း နုတ်ထွက်ခွင့်ပြုသော အဆိုပါ ကလေးများအား တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်းနှုန်းဖြင့် ထေက်ပံ့ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ၇၅ ဦး၊ ၂၀၁၉ ခုနှစ်ထဲတွင် ကလေး ၃၂ ဦးတို့အား ထောက်ပံ့ခဲ့ကြောင်း၊ ကလေးစစ်သားကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးပါသော issue တစ်ခု ဖြစ်ကြောင်း၊ တပ်မတော်အတွက် အရေးပါသကဲ့သို့ နိုင်ငံတကာတွင် ကလေး စစ်သားကို လူကုန် ကူးမှု တစ်ခုအဖြစ် ကန့်သတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့ အစည်းအဝေးသည် အဆိုပါ ထိခိုက်လွယ်သော သားကောင်များအတွက် လုံခြုံမှု ၊ ပြန်လည် ထူထောင်ပေးမှု ဆိုင်ရာ နည်းပညာ အဖွဲ့၏ လမ်းညွှန်မှု မူဘောင်များအား ဆွေးနွေးအတည်ပြုမည့် အစည်းအဝေး ဖြစ်ကြောင်း၊ အဆိုပါ မူဘောင်များသည် UNDRC တို့ ပဲရစ်မူတို့နှင့် ဆက်စပ်သော အချက်များ၊ Conflict area များတွင် သတ်မှတ်သည့် ကတိကဝတ်များကို အခြေခံပြီး ရေးဆွဲထားခြင်းဖြစ်သောကြောင့် ရေရှည် ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ကိစ္စများတွင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည့် အနေအထားရှိပါ ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

ထို့အပြင် အဆိုပါ ကလေးများ မှတ်ပုံတင်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေး ဘက်မှ ဖြေလျှော့မှု များ ဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း၊ ယခင်နှစ်(၂၀၁၇ ခုနှစ်)က ထိုကလေးများကို မိဘရပ်ထံ ပြန်အပ်သည်နှင့် တစ်ခါတည်း မှတ်ပုံတင် လုပ်ပေးနိုင်ခဲ့ကြောင်း၊ ယခု နောက်ပိုင်း ဝန်ကြီးဌာန၏ မူဝါဒ များကြောင့် မှတ်ပုံတင်လုပ်ပေးနိုင်သော ရာခိုင်နှုန်း တော်တော်များများ ကျဆင်းသွားခဲ့ရာ ယခင်က ၉၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ၇၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း၊ ယခင်ကကဲ့သို့ ဆောင်ရွက် ပေးနိုင်ရန် အကြံပြုကြစေလိုကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ဆက်စပ်ဝန်ကြီးဌာနများလက်အောက်ရှိ ဦးစီးဌာနများမှ အရာရှိ အရာခံများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.