Connect with us

MYANMAR

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟို ကော်မတီက ထုတ်ပြန်ထားသော စည်းမျဉ်း၊ ညွှန်ကြားချက်များ မေလလယ်အထိ တိုးမြှင့်ရန် ဆုံးဖြတ်ဟုဆို 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ - myanmar state counsellor office)

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟို ကော်မတီက ထုတ်ပြန်ထားသော စည်းမျဉ်း၊ ညွှန်ကြားချက်များအား ဧပြီလ ၃၀ ရက်မှ မေလ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်ရန် ဆုံးဖြတ် ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ ရေးသား ဖော်ပြခဲ့သည်။ 

“မြန်မာနိုင်ငံမှာ COVID ပထမလှိုင်းကြီး တောင် မပြီးပြတ်သေး ပါဘူး။ လှိုင်းထိပ်က ဘယ်လောက်ထိ မြင့်နိုင်မယ်ဆိုတာ မသိနိုင်သေးသလို၊ ဘယ်တော့ ပြန်ကျမယ်ဆိုတာလည်း မသိနိုင်သေးပါဘူး။ အကောင်းဆုံး ကို မျှော် လင့်ပြီး အဆိုးဆုံး အတွက်လည်းပြင်ထား ရတာပါ။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရေးသားခဲ့သည်။ 

ထို့အတူ ဧပြီ ၃၀ ရက်အထိ စောင့်ရန် ပန်ကြားထား၍ နယ်စပ်၌ စောင့်နေကြသော အလုပ်သမား များစွာလည်း ပြန်လာရန် ရှိကြောင်း ၊ ကိုယ့်ရပ်ရွာကို အေးဆေး လုံခြုံစွာပြန်နိုင်ရန် ကျန်းမာရေးအစီအစဉ်များ ၊  quarantine အစီအစဉ်များ ၊ ပို့ဆောင်ရေး အစီအစဉ်များ လည်း ချမှတ်နေပြီ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က COVID တိုက်ပွဲကြီးတွင် အရေးပါသော ကဏ္ဍက ပါ ဝင်နေသော စေတနာ့ ဝန်ထမ်းများ၏ အင်အားများကို နိုင်ငံတော် အတွက်စနစ်တကျ သုံးနိုင်အောင် ဖွဲ့ရန် စီစဉ်နေကြောင်း ထည့်သွင်း ရေးသားခဲ့သည်။ (Xinhua)