Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေး အတွက် တရုတ်ကုမ္ပဏီများက ဆေးဘက်ဆိုင်ရာ ပစ္စည်းနှင့် ငွေကြေးများ ပေးအပ် လှူဒါန်း 

ရခိုင်ပြည်နယ်သို့ တရုတ်ကုမ္ပဏီများက ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ် လှူဒါန်းစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများအတွက် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တရုတ်ကုမ္ပဏီများမှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့်အတူ ငွေကြေးများကို ယနေ့ ဧပြီ ၂၃ ရက်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အတွက် POWER CHINA Group နှင့် SUPREME Group တို့ ဖက်စပ်ထူထောင်ထားသည့် Kyaukphyu Electric Power Co.Ltd မှ ငွေကျပ် ၁၀,၂၀၀,၀၀၀ တန်ဖိုးရှိ Face Mask များ ၊ Medical Goggle များ ၊ Medical Examination Glove များ စသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား လှူဒါန်းပေးအပ်ခဲ့ရာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က လက်ခံရယူခဲ့သည်။ 

 မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ တရုတ်နိုင်ငံ POWER Construction Corporation (POWER CHINA) မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ် လှူဒါန်းစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က “ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက စိန်ခေါ်မှုပေါင်း မြောက်များစွာနဲ့ တွေ့နေရပါတယ်။ပစ္စည်းတွေလဲ အရမ်းရှားပါးတဲ့ အချိန်မှာ အခုလို နှာခေါင်းစည်းတွေ ၊ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းပေးတဲ့ အတွက် ရခိုင်ပြည်နယ် အတွက် အများကြီး အကျိုးရှိပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါနဲ့ ပတ်သတ်လို့ ကာကွယ်ဖို့ အတွက် သိတယ်။ဂရုစိုက်တယ်။ ပူးပေါင်းပါဝင်တယ်ဆိုတဲ့ ခွန်အားက ပိုပြီး တန်ဖိုးရှိပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

 ရခိုင်ပြည်နယ် နှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ် လှူဒါန်းအပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့လည်း တရုတ်နိုင်ငံ POWER Construction Corporation (POWER CHINA) မှ Medical Mask အခုရေ ၂၀,၀၀၀ ခုအား ယနေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ထို့အတူ ရန်ကုန်မြို့ ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး ဆေးရုံ ဖြစ်သည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ Bank of China Yangon Represent Office မှ ငွေကျပ် ၂၀,၀၀၀,၀၀၀ အားလည်းကောင်း ၊ တရုတ်နိုင်ငံ POWER Construction Corporation (POWER CHINA)မှ  အကာအကွယ်ဝတ်စုံ(PPE) အစုံ ၂၅၀ ၊ Medical Glove အစုံ ၂,၀၀၀ ၊ Medical Goggle အခု ၁၀၀ ၊ Disinfection Alcohol ဗူး ၁၀၀ ၊ Barrel Sanitize ပုံး ၄၀ အားလည်းကောင်း ယနေ့ ဧပြီ ၂၃ ရက်တွင် အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ 

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ Bank of China Yangon Represent Office မှ ငွေကြေးထောက်ပံ့လှူဒါန်းမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာ-တရုတ် ချစ်ကြည်ရေး ဆေးရုံများ ဖြစ်သည့် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ဆေးရုံတို့အား ထပ်မံအကူအညီများ ပေးသွားမည် ဖြစ်ကြောင်း ၊ နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ အစိုးရ၏ တောင်းဆိုချက်အရ လိုအပ်သည့် ပစ္စည်းများအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အကူအညီပေးသည့် လုပ်ငန်းများအား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ယင်းမှာ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ဆောင်နိုင်ခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ တရုတ်နိုင်ငံ POWER Construction Corporation (POWER CHINA)မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ် လှူဒါန်းစဉ်(ဆင်ဟွာ)

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းနှင့် ငွေကြေးများ ပေးအပ်လှူဒါန်းပွဲတွင် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ) 

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းယုဇော်က “အခုလှူဒါန်းမှုက အကျိုးရှိပါတယ်။COVID-19 ရောဂါ တိုက်ဖျက်ရေး အခြေအနေမှာ လိုအပ်သမျှ အကူအညီတွေ အကုန်လုံးက မြန်မာနိုင်ငံ အစိုးရက ပေးတာ ရှိမယ်။ နောက်ပြီးတော့ အလှူရှင်တွေ ရှိမယ်။ တရုတ်သံရုံးကလဲ ကျွန်မတို့ကို အမြဲတမ်း ပံ့ပိုးကူညီတော့ ဒါကလည်း တရုတ်သံရုံးကနေပြီးတော့မှ စီစဉ်ပြီးတော့ လှူပေးတာပါပဲ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

COVID-19 ရောဂါမှာ နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသည့် အတွက် ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အားလုံး စည်းလုံးညီညွှတ်ရန် လိုအပ်ကြောင်း ၊ ထို့အတွက် မြန်မာနိုင်ငံရှိ ရှေ့တန်းမှ ဆရာဝန် ၊ သူနာပြုများ အပါအဝင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား လှူဒါန်းရခြင်း ဖြစ်ကြောင်း ၊ Bank of China ၏ Yangon Branch ၊ Working Team မှ Deputy Head ဖြစ်သူ ဦးကျော်နိုင်(Mr.Mynn M.Huang) က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံ အစိုးရ ၊ ကုမ္ပဏီများ နှင့် အဖွဲ့အစည်းများက ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ၊ ငွေကြေး လှူဒါန်းမှုများ အပြင် COVID-19 ကပ်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးတွင် အတွေ့အကြုံများ နှင့် ကျွမ်းကျင်မှုများ မျှဝေပေးရန်  တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့အား စေလွှတ်ကူညီမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)