VIDEO
မြန်မာနိုင်ငံCOVID-19 တိုက်ဖျက်ရေးအတွက် ဒုတိယအသုတ် တရုတ်စစ်ဘက်ဆိုင်ရာဆေးပညာရှင်အဖွဲ့ ရောက်ရှိ
ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အထောက်အကူပြုနိုင်ရန် ဒုတိယ အသုတ် အဖြစ် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တစ်ဖွဲ့သည် တရုတ်နိုင်ငံ တပ်မတော်လေယာဉ်ဖြင့် ဧပြီ ၂၄ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တွင် အဖွဲ့ ဝင် ၆ ဦးလိုက်ပါလာခဲ့ပြီး ၎င်းတို့နှင့်အတူ ဆေးဘက်ဆိုင်ရာ N95 & KN95 နှာခေါင်းစည်းများ ၊ စမ်းသပ်ကိရိယာများ ၊ ဆရာဝန်သုံး နှာခေါင်းစည်းများ စသည့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ယူဆောင်လာခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဒီတစ်ခေါက် တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဆေးပညာရှင် အဖွဲ့နှင့်အတူ ဓာတ်ခွဲဖို့ ဆေးပါဝင်တဲ့ ကုသရေး ပစ္စည်းတွေ ပါလာပါတယ်။ အဲဒါဟာလည်း မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအား အထောက်အကူပြုနိုင်ပါတယ်လို့ ယူဆပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတော့ မြှင့်တင်စေနိုင် မှာြဖစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ သည် မြန်မာ့တပ်မတော်ရှိ ဆေးဝါးကျွမ်းကျင် အဖွဲ့များနှင့် ပူးပေါင်းပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ တပ်မတော် ဆေးရုံ၌ ရက်သတ္တပတ် နှစ်ပတ်ကြာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊ နိုင်ငံအတွက် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ပြောကြားခဲ့သည်။(Xinhua)