Connect with us

North America

ဆန္ဒပြသူများအား တုံ့ပြန်ရန် စစ်တပ်အသုံးပြုမည့် သမ္မတထရမ့်၏ အစီအစဉ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လက်မခံ

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper က ရဲတပ်ဖွဲ့၏ လူမဆန်စွာပြုကျင့်မှု နှင့် လူမျိုးရေးခွဲခြားမှုအတွက် တရားမျှတမှုရရှိရန် နိုင်ငံအနှံ့ဖြစ်ပွားနေသော တောင်းဆို ဆန္ဒပြမှုများ ရပ်တံ့အောင် စစ်အင်အားသုံး လုပ်ဆောင်မည့် သမ္မတ၏ အစီအစဉ်ကို ငြင်းပယ်လိုက်ကြောင်း သိရသည်။

“ ကာကွယ်ရေးဝန်ကြီးတစ်ဦးအနေနဲ့သာမက စစ်သားဟောင်းတစ်ဦးအနေနဲ့ပါ ဒီစကားကို ကျွန်တော်ပြောတာပါ ၊ ပြီးတော့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးအနေနဲ့ တရားဥပဒေစိုးမိုးရေးမှာ စစ်တပ်အင်အားသုံးမယ်ဆိုတဲ့ ရွေးချယ်မှုဟာ နောက်ဆုံးအရင်းအမြစ်ပဲ ဖြစ်သင့်ပါတယ် ၊ ကျွန်တော်တို့ရဲ့ အခုအခြေအနေဟာ အဲလိုနောက်ဆုံးအဆင့်အနေအထားမဟုတ်ပါဘူး” ဟု ပင်တဂွန်စစ်ဌာနချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က  George Floyd သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံအနှံ့ မတည်မငြိမ်ဖြစ်ပေါ်နေမှုကို နှိမ်နင်းရန် ၁၈၀၇ ခုနှစ် ပုန်ကန်ထကြွခြင်း အက်ဥပဒေကို အသုံးပြု၍ ကိုင်တွယ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော လူမည်းအမျိုးသားတစ်ဦးဖြစ်သူ Floyd သည် မင်နီပူးလစ်မြို့၌ မေ ၂၅ ရက်က လူဖြူရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးစစ်ဆေးမှုခံရစဉ် ၉ မိနစ်ခန့် လည်ပင်းကို ဒူးဖြင့် ဖိနှိပ်ခြင်းခံခဲ့ရ ရာမှ အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရခြင်းဖြစ် သည်။

“ ပုန်ကန်ထကြွခြင်း အက်ဥပဒေကို အသုံးပြုဖို့ ကျွန်တော်မထောက်ခံပါဘူး”ဟု ကာကွယ်ရေးဝန်ကြီး Esper က ဆိုသည်။ သက်တမ်း ၂၁၃ နှစ် ရှိပြီးဖြစ်သော ယင်းဥပဒေသည် တရားဥပဒေစိုးမိုးရေး ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံ မြေပေါ်တွင် သမ္မတအား တစ်ဦးတည်းအကြွင်းမဲ့အာဏာဖြင့် စစ်တပ်ချထားရန် ခွင့်ပြုနိုင်သော ဥပဒေတစ်ခုဖြစ်သည်။

သမ္မတအိမ်ဖြူတော် နှင်းဆီဥယျာဉ်၌ ဇွန် ၁ ရက်က မိန့်ခွန်းပြောကြားရာတွင် ထရမ့်က ၎င်းအနေဖြင့် “ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဖို့ ဒေသခံ အရာရှိတွေ အနေနဲ့ မကိုင်တွယ်နိုင်ဘူးဆိုရင် ထောင်ပေါင်းများစွာသော စစ်သားတွေ ၊ တပ်ဖွဲ့ဝင်တွေ နဲ့ ဥပဒေဘက်တော်သားတွေကို စေလွှတ်သွားမှာပါ ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ မိန့်ခွန်းအဆုံးတွင် ထရမ့်သည် အထင်ကရ စိန့်ဂျွန်းဘုရားကျောင်းဆီသို့ လမ်းလျှောက်သွားခဲ့ပြီး  ကျမ်းစာအုပ်တစ်အုပ်ကို လက်ဖြင့် ကိုင်မြှောက်ပြခဲ့သလို ယင်းနောက်တွင် ထရမ့်သည် ကာကွယ်ရေးဝန်ကြီး Esper အပါအဝင် ၎င်း၏ အစိုးရအဖွဲ့ ဝင် အရာရှိကြီးများနှင့် အတူတကွရှိနေသည့် ဓာတ်ပုံ အရိုက်ခံခဲ့သည်။ သမ္မတ နှင့် ၎င်း၏ နောက်လိုက်များ သွားရာလမ်း တစ်လျှောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်လူအုပ်ကြီးအား ရဲတပ်ဖွဲ့ဝင်များ က မျက်ရည်ယိုဗုံးများ နှင့် ရော်ဘာကျည်ဆံများအသုံးပြု၍ လမ်းရှင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အငြင်းပွားဖွယ် အခမ်းအနားတက်ရောက်ခဲ့ခြင်းကြောင့် ဝေဖန်ခံနေရသည့် Esper က ဇွန် ၃ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြား၌ ၎င်းအနေဖြင့် ဘုရားကျောင်းတွင် စုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်းကို သတိမပြုမိခဲ့သလို ၎င်းတို့သွားရာလမ်းတစ်လျှောက်၌ ဆန္ဒပြသူများ ဖြိုခွဲခံရသည်ကိုလည်း မသိရှိခဲ့ကြောင်း ဆိုသည်။ “ ကျွန်တော်တို့ဘုရားကျောင်းသွားတာပဲ သိတယ် ၊ အဲလို အုပ်စုလိုက်ပုံတွေ ရိုက်မိသွားတာကိုတော့ သတိမပြုမိပါဘူး” ဟု ဆိုသည်။

ပင်တဂွန်စစ်ဌာနချုပ် သိပ္ပံကာကွယ်ရေးဆိုင်ရာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ James Miller က အခင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ နှုတ်ထွက်စာတင်ခဲ့သည်။ “ သမ္မတရဲ့ အင်အားသုံးမယ့်ကိစ္စကို ခင်ဗျား တားဆီးနိုင်မှာ မဟုတ်ပါဘူး ဒါပေမယ့် အဲဒါကို ထောက်ခံမယ့်အစား ကန့်ကွက်ဆန့်ကျင်တာကိုတော့ ခင်ဗျားရွေးချယ်လို့ရတယ် ” ဟု ဇွန် ၂ ရက် နှုတ်ထွက်စာ တင်သွင်းစဉ် Miller က ကာကွယ်ရေးဝန်ကြီး Esper အားပြောကြားခဲ့သည်။

ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား အကြမ်းဖက်ထိပ်တိုက်တွေ့ဆုံမှုများသည် ဝါရှင်တန်ဒီစီမြို့တော်၌ အရှိန်လျော့လာသဖြင့် မြို့တော်၌ တပ်စွဲထားသော အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည်  ဇွန် ၃ ရက်တွင် ၎င်းတို့၏ မိခင်အခြေစိုက်စခန်းများသို့ အသီးသီး ပြန်နေကြပြီ ဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဆိုသည်။

Esper က ၎င်း၏ ရည်မှန်းချက်ပန်းတိုင်မှာ “ ကာကွယ်ရေးဝန်ကြီးဌာနကို နိုင်ငံရေးထဲ ဝင်မပါဖို့ နဲ့ နိုင်ငံရေးမဆက်နွယ်ဘဲ သီးသန့်ရပ်တည်သွားဖို့ပဲ ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  (Xinhua) 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.