Connect with us

North America

ဆန္ဒပြမှုများဖြစ်ပွားနေသည့် နယူးယောက်တွင်  အကြမ်းဖက်မှုများ၊ လုယက်မှုများအား ထိန်းသိမ်းရန် ညမထွက်ရအမိန့် သက်တမ်းတိုး

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် George Floyd သေဆုံးမှုကြောင့် ဆန္ဒပြမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

George Floyd အမည်ရှိ လူမည်းအမျိုးသားတစ်ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသည့် ရာဇဝတ်မှု ကျူးလွန်မှုများကို ထိန်းချုပ်နိုင်ရန် ဇွန်လ ၇ ရက်အထိ ည ၈:၀၀နာရီ မှ နံနက် ၅:၀၀နာရီ အထိ ညမထွက်ရအမိန့် ဆက်ရှိနေမည် ဖြစ်ကြောင်း နယူးယောက် မြို့တော်ဝန် Bill de Blasio ကဇွန် ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

၁၉၄၃ ခုနှစ်မှစ၍ နယူးယောက်မြို့တွင် ပထမဆုံးအကြိမ် ကျင့်သုံးခဲ့ရခြင်းဖြစ်သည့် ညမထွက်ရအမိန့်သည် ဇွန်လ ၁ ရက် ည ၁၁:၀၀နာရီတွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး မန်ဟက်တန်တွင် ညဘက်ရောက်လျှင်ရောက်ချင်း စတိုးဆိုင်များအား ဖျက်ဆီးလူယက်မှုများကို ရပ်တန့်နိုင်ခြင်း မရှိခဲ့ပေ။

ဇွန် ၁ ရက်ညပိုင်းက ညမထွက်ရအမိန့် အသက်မဝင်မီ ဖမ်းဆီးခံခဲ့ရသည့် လူပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး ယင်းညတစ်ညလုံးတွင် ဖမ်းဆီးခံရသူ ၇၀၀ ကျော်ရှိခဲ့ရာ အဖမ်းခံရသူအများစုမှာ လူငယ်များဖြစ်သည်ဟု နယူးယောက်မြို့ရဲဌာန (NYPD) အဆိုအရ သိရသည်။

ဇွန်လ၂ ရက်မှစတင်၍ ညမထွက်ရအမိန့်စတင်သည်နှင့်တစ်ပြိုင်နက် မန်ဟက်တန်၏ နေရာတော်တော်များများတွင် ဒေသခံများ၊ မရှိမဖြစ်အလုပ်သမားများ၊ ၊ဘတ်စ်ကားများ နှင့် ပို့ဆောင်ရေးထရပ်ကားများမှလွဲ၍ ယာဉ်သွားလာမှုကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း NYPD ၏အဆိုအရ သိရသည်။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က “ဇွန်လ ၁ ရက်မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် စိတ်ပျက်စရာ ဒေါသဖြစ်ရတယ်၊ ရာဇဝတ်မှုတွေက လူတိုင်းကိုထိခိုက်စေတယ်” ဟု ပြောခဲ့သည်။ဇွန် ၁ ရက်တွင် NYPD ၏ အင်အားကို နှစ်ဆတိုးကာ ရဲတပ်ဖွဲ့ဝင် ၈,၀၀၀ အထိထားရှိခဲ့သော်လည်း ထိုအရေအတွက်ထက်ပိုသင့်ကြောင်း မြို့တော်ဝန်က ဆိုသည်။

ဇွန် ၂ ရက်တွင်လည်း မြို့အတွင်း လူမျိုးပေါင်းစုံမှ ကျောင်းသားအများစုပါဝင်သော ထောင်နှင့်ချီသည့်လူများ၏ ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားလျက်ရှိပြီး မန်ဟက်တန်အောက်ပိုင်း၌ “တရားမျှတမှုမရှိ ၊ ငြိမ်းချမ်းမှုမရှိ” စသော ဆောင်ပုဒ်များ ကိုင်ကာ ကြွေးကြော် လမ်းလျှောက်ရင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြကြောင်း သိရသည်။ဆန္ဒပြပွဲများကြောင့် ဆိုင်အများအပြားပိတ်ထားပြီး ရွေ့လျားနေသည့် လူအုပ်ကြီး အပေါ်တွင် ရဟတ်ယာဉ်များ ဝဲပျံကာ စောင့်ကြည့်လျက်ရှိသည်။မန်ဟက်တန်အောက်ပိုင်းရှိ NYPD ရုံးချုပ်အပြင်ဘက်ရှိ ပလာဇာ၊ Union Square နှင့် ဘရွတ်ကလင်းရှိ Barclays Center ကဲ့သို့ အဓိကနေရာများကို  ရဲတပ်ဖွဲ့ဝင်အများအပြား စေလွှတ်ထားကြောင်း သိရသည်။

ညပိုင်းတွင် အကြမ်းဖက်လုယက်မှုများ ဖြစ်လာနိုင်သဖြင့် ဇွန် ၂ ရက် နေ့လယ်ပိုင်းတွင် စျေးဆိုင်အလုပ်သမားများသည်  မန်ဟက်တန်မြို့လယ်ရှိ ဈေးဆိုင်၏ ပြတင်းပေါက်များနှင့် ဝင်ပေါက်များ ကို အထပ်သားများဖြင့် ကာရံခဲ့ကြကြောင်း သိရသည်။နယူးယောက်မြို့တွင် ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားသည့် မေ ၂၈ ရက်မှစ၍ လူပေါင်း ၂,၀၀၀ နီးပါးအဖမ်းခံထားရပြီး ရဲအရာရှိ ၅၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု NYPD ၏အဆိုအရ သိရသည်။  (Xinhua)