Connect with us

Education & Health

ဝေးလံခက်ခဲသောနေရာဒေသများ နှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် HIV/AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများရှိနေဟု ဝန်ကြီး ပြောကြား

HIV ပိုး ထိန်းချုပ်ကုသသော ကုထုံး ဖြစ်သည့် အေအာတီ(ART) ဆေး နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်း စာစောင်အား တွေ့ရစဉ်(ဓာတ်ပုံ - MOHS)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၏ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် အောင်မြင်မှုများရရှိ နေသော်လည်း ဝေးလံခက်ခဲသောနေရာဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများရှိနေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

HIV ပိုးကူးစက်ခံရသူအားလုံး အေအာတီဆေးဝါးရရှိရေးဆောင်ရွက်ရန် ၊ HIV လူနာများအား စဉ်ဆက်မပြတ်ပြုစုကုသစောင့်ရှောက်မှုပေးရန် နှင့် HIV ပိုးရှိသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ လုံးဝပပျောက်ရေးဆောင်ရွက်ရန် စသည့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ဗဟိုအဆင့်အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ စိန်ခေါ်မှုအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် ပြည်သူလူထု၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် HIV ရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်မှ ကင်းဝေးကာ HIV ပိုးကူးစက်မှု ကင်းစင်သော လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု ၉,၉၀၀ ကျော်ရှိခဲ့ပြီး အဆိုပါ ကူးစက်မှုများသည် ၂၀၁၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း HIV ပိုး ကူးစက်ခံနေရသူ ဦးရေ ၂၄၀,၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း(HIV prevalence) မှာ ၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း (AIDS Epidemic Model) ဖြင့် ခန့်မှန်းတွက်ချက်သိရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့သည်။
ခန့်မှန်းတွက်ချက်မှုများအရ မူးယစ်ဆေးထိုးသူများ၊ အမျိုးသမီးလိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျသူနေသူများနှင့် ရွှေ့ပြောင်းလုပ်သားများ စသည့် HIV ရောဂါပိုးကူးစက်ရန် အန္တရာယ်များသော ဦးစားပေးအုပ်စုများတွင် အဖြစ်များနေပြီး ဝန်ကြီးဌာန၏ အမျိုးသားခုခံအားကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်အနေဖြင့် အဆိုပါ ဦးတည်အုပ်စုများကို အထူးဂရုပြုပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
အမျိုးသား ခုခံအားကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအကုန်အထိ မြို့နယ် ၂၇၃ ခုတွင် အေအာတီ (ART) ဆေးကုသရေးဌာန ၃၆၂ ခုထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီ (ART) ဆေးကုသမှုလုပ်ငန်းများအား ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

HIV/ AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ် (၃၃၀) လုံးအတွက် အခြေခံမရှိမဖြစ်လိုအပ်သော HIV/ AIDS ကာကွယ်ရေးနှင့် ကုသရေး ဝန်ဆောင်မှုလုပ်ငန်းများ (Essential packages for health services – HIV) ကို အမှန်တကယ် လိုအပ်နေသော နေရာဒေသ၊ အမှန်တကယ် လိုအပ်နေသူများအတွက် လက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် HIV/ AIDS ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ စီမံကိန်း (National Strategic Plan on HIV and AIDS (2016-2020)) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လာမည့် (၅) နှစ် (၂၀၂၁-၂၀၂၅) အတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအသစ် ကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)