Connect with us

Education & Health

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၅ ဦးလျှင် လူ ၈၀ ဦးထံသို့ ထပ်မံကူးစက်ခံနေရကြောင်းဆို

နှာခေါင်းစည်းဖြင့် လက်ဖက်ရည်ဆိုင်ထိုင်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၅ဦးလျှင် လူ၈၀ဦးထံသို့ ထပ်မံကူးဆက်ခံရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူစုလူဝေးကိစ္စများအားရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။

“လူအုပ်စုလိုက်ဆီကနေ ကူးစက်ခံရခြင်းတွေရှိတယ်။ ဒါကြောင့် လူအုပ်စုလိုက်သွားတာကို ရှောင်ကြဉ်သင့်တယ်။ COVID-19 ရောဂါကူးစက်မှုတွေကို ကြည့်တဲ့အခါ ၅ ယောက်ကနေ အယောက် ၈၀ အထိ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးကို လုံးဝရှောင်ဖို့ ကျွန်မ အနေနဲ့ ပြည်သူတွေကို တိုက်တွန်းပြောကြားချင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၄ရက်တွင် COVID-19 အတည်ပြုလူနာသစ် (၁,၅၀၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၉၆,၅၂၀) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့ပိုးတွေ့ရှိနှုန်းမှာ ၇ ရာခိုင်နှုန်းရှိကြောင်း၊ယနေ့တွင် (၃၁)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၂,၀၅၉) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၂၅)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၇၄,၉၇၃)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၂၁,၃၉၀) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း(၁,၂၄၆,၅၂၄) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာလ မှာ ဆို ခရစ္စမတ်ရှိမယ်။ New Year ရှိမယ်။ လူစုလူဝေးကိုရှောင်ပါလို့ပြောချင်တယ်။ လူစုလူဝေးကိုမရှောင်မိလို့ ငါအကူးခံရပြီလားဆိုပြီး စိတ်တထင့်ထင့် မဖြစ်စေချင်ဘူး’’ ဟု ၎င်းကဆက်ပြောသည်။

ယနေ့သေဆုံးသူ(၃၁)ဦးအနက် ရောဂါအခံရှိသူ (၂၈)ဦးပါဝင်ကြောင်း၊ ဒီဇင်ဘာ ၃ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၄၁၈)ဦးတွင် အနံ့မရရှိသူ (၂၆၈)ဦးပါရှိကြောင်း သိရသည်။ (Xinhua)

#ဒေါက်တာခင်ခင်ကြီး #COVID_19 #Xinhua #DrKhinKhinGyi #COVID_19 #Xinhua