Connect with us

Politics, Law & Military

HIV နှင့် အသည်းရောင် ဘီ ကုသဆေး အသစ် ယခုဘဏ္ဍာနှစ်တွင် ထုတ်လုပ်မည်

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

HIV ရောဂါနှင့် အသည်းရောင် – ဘီ ရောဂါဝေဒနာရှင်များအတွက် ကုသဆေး အသစ် ဖြစ်သည့် Tenofovir (300 mg) ဆေးကို ၂၀၁၇ -၂၀၁၈ည ဘဏ္ဍာနှစ်တွင် ထုတ်လုပ်ဖြန့်ချိမည်ဟု စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ပြောသည်။

“HIV ရောဂါနဲ့Hepatitis – B ရောဂါဝေဒနာရှင်တွေအတွက် ကုသဆေးဖြစ်တဲ့ Tenofovir (300 mg) ဆေးဝါးအသစ်ကို ထုတ်လုပ်ဖို့ဆောင်ရွက်နေပါတယ်၊ လာမယ့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ စတင် ထုတ်လုပ်နိုင်ပါမယ်” ဟု နေပြည်တော် ပြန်ကြားရေးဝန်ကြီးရုံးတွင် ယနေ့ညနေပိုင်း ပြုလုပ် သည့် အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစား ရှင်းပွဲ၌ ၎င်းက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ထို့အပြင် စက်မှုဝန်ကြီးဌာန အောက်ရှိ ဆေးဝါးစက်ရုံများသည် မြွေဆိပ်ဖြေဆေးများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ပြည်တွင်း လိုအပ်ချက်အား ပြည့်မီနိုင်ရန် သြစတြေလျနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံတို့မှ နည်းပညာ အကူအညီများ ရယူပြီး ထုတ်လုပ် ပေးခဲ့ကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက် အများ အပြား ရှိသည့် ကင်ဆာဝေဒနာရှင်များ နာကျင်ကိုက်ခဲမှု သက်သာစေသော ဆေးနှစ်မျိုး (Sulfate Syrup နှင့် morphine sulfate tablet) တို့ကို သုတေသန ပြု ပြီး အောင်မြင်စွာ စမ်းသပ် ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“စက်မှုဝန်ကြီးဌာန အောက်မှာရှိတဲ့ မြန်မာ့ ဆေးဝါးလုပ်ငန်းက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် မဆောင်ရွက်နိုင်သေးပေမယ့် အရင်က ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည့်နိုင်ခဲ့ရာက ဒီနှစ်မှာ ၂၀ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းနိုင်ဖို့ စက်ရုံ အလုပ်ရုံတွေ တိုးချဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်၊ WHO guide-lined standard များနဲ့အညီ အန္တရာယ်ကင်းပြီး အစွမ်းထက်တဲ့ ဆေးဝါးတွေ ထုတ်ပေးနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် ကျန်းမာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေး ဝန်ကြီးဌာန အောက်တွေမှာ ရှိတဲ့ ဆေးရုံတွေအတွက် ဆေးဝါး လိုအပ်ချက်တွေကို အဓိက ဖြည့်ဆည်း ဆောင်ရွက်နေပါတယ်” ဟုလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာနသည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဦးစားပေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် သုံးရပ်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ စက်မှုဆိုင်ရာ လူ့စွမ်းအား ရင်းမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ပုဂ္ဂလိက စက်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး နှင့်နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ အောင်မြင်မှု ရရှိရေးတို့ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ပို့ကုန် အရည်အသွေး တိုးတက် ကောင်းမွန်ရေး၊ ေဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်များ တိုးချဲ့ ထုတ်လုပ်ရေး နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများအား အစိုးရ – ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)