MYANMAR
ရန်ကုန်တိုင်း ဒေသကြီး၏ လက်ရှိအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသော COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ ချမှတ်ကာ အမြန်ဆုံး စတင်နိုင်ရန် ကျန်းမာရေး ဝန်ကြီး ပြောကြား
ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်
ရန်ကုန်တိုင်း ဒေသကြီး၏ လက်ရှိအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသော COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ ချမှတ်ကာ ပြည်သူများလိုက်နာစေရေးအတွက် အမြန်ဆုံး စတင်နိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ရှိရာ နေရာဖြစ်ခြင်း၊ စက်ရုံနှင့် အလုပ်ရုံများ များပြားခြင်း၊ အလုပ်အကိုင်နှင့် လူမှုစီးပွားရေး အခြေအနေအမျိုးမျိုးရှိသော သူများနေထိုင်ကြခြင်း၊ လူဦးရေထူထပ်များပြားခြင်း၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းလေဆိပ်ရှိခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များစွာရှိခြင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် ဝင်ထွက်ပေါက်များစွာချိတ်ဆက်မှုရှိကာ ကူးလူးသွားလာမှုများပြားခြင်းစသည့် ကွဲပြားခြားနားပြီး ထူးခြားသည့် အခြေအနေများရှိခြင်းကြောင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင့်သုံးနေသော နည်းလမ်းများအတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ရန်ကုန်တိုင်းဒေသကြီးနှင့် သင့်တော်သော နည်းလမ်းများဖြင့် COVID-19 စည်းကမ်းလိုက်နာမှုရှိစေရေး လုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်များကို Videoconferencing စနစ်ဖြင့် ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူများ အကြား လူမှုစီးပွား ပြဿနာများ မဖြစ်ပွားစေရေးတို့ကို ချိန်ဆဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် မိမိတို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လူစုလူဝေးမဖြစ်ပွားစေရန် ကြပ်မတ် ဆောင်ရွက်ခြင်းနှင့် လမ်းဘေးတွင် ထိုင်ခုံများချ၍ အစားအသောက်ရောင်းချခြင်းနှင့် စားသောက်ခြင်း တို့ကို ပိတ်ပင်တားမြစ်လျက်ရှိကြောင်း၊ ရပ်ရွာလူထုမှ အပေါင်းလက္ခဏာနှင့် အပြုသဘောဆန်သည့် စောင့်ကြည့်ကူညီသည့် ပုံစံဖြင့် COVID-19 ဖြစ်ပွားသည့် လူနာများနှင့် မိသားစုများကို ပံ့ပိုးကူညီသည့် ပုံစံဖြစ်လာစေရန် အသိပေးစည်းရုံးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အတူ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ စက်ရုံ၊ အလုပ်ရုံမှ ဝန်ထမ်းများ အားလုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ COVID-19 စစ်ဆေးခြင်းမှတ်တမ်းနှင့် ကျန်းမာရေး အခြေအနေမှတ်တမ်းများကို ကွန်ပျူတာဖြင့် မှတ်တမ်းတင်ပြီး QR Code ဖြင့် စစ်ဆေးနိုင်ရန် ပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 လူနာနှင့်ထိတွေ့ခဲ့သူများ၊ COVID-19 လူနာတစ်ဦးချင်းစီ၏ နေအိမ်အဆင့်အခြေအနေ၊ လူမှုစီးပွားရေးနှင့် အသိပညာအဆင့်အခြေအနေ၊ ရောဂါပြင်းထန်မှုအခြေအနေအပေါ်မူတည်၍ နေအိမ်၊ လူထုအခြေပြုအသွားအလာကန့်သတ်ရာနေရာများ၊ ဟိုတယ်၊ ဆေးရုံ/ ကုသရေးဌာနများ စသည်ဖြင့် သင့်လျော်သည့် နေရာတွင် ထားရှိပြုစုကုသနိုင်ရေး ဆွေးနွေးနေကြောင်း၊ ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ “ပြည်သူလူထုအခြေပြု COVID-19 ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်” အား ကနဦး (pilot) ဆောင်ရွက်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပံ့ပိုးပါဝင်ဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိမိတို့ အစိုးရအဖွဲ့အနေဖြင့် COVID-19 ဖြစ်ပွားကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ဝန်ထုတ်ဝန်ပိုးလျော့စေရေး၊ ပြည်သူများ လူမှုစီးပွား ထိခိုက်မှု မရှိစေရေးတို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ဆွေးနွေးစဉ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် မိမိအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်နှင့်ပတ်သက်၍ မြို့နယ်တစ်ခုလုံးအနေအထားဖြင့် ဆောင်ရွက်ခြင်းမှ ရောဂါဖြစ်ပွားပျံ့နှံ့မှုပုံသဏ္ဌာန်နှင့် နေ့အလိုက် ပြောင်းလဲမှု ပုံသဏ္ဌာန်၊ လတ်တလော ဖြစ်ပွားသူ အရေအတွက်နှင့် နေရာအလိုက် အစုလိုက်ဖြစ်ပွားမှု၊ လူအများ ရွှေ့ပြောင်းသွားလာမှု ပမာဏနှင့် အရှိန်အဟုန်၊ ရပ်ကွက်၊ ကျေးရွာ၊ လမ်းများ၏ တည်နေရာ၊ လူဦးရေထူထပ်မှုစသည့် အချက်များအပေါ်မူတည်၍ ရပ်ကွက်၊ ကျေးရွာ၊ လမ်း အလိုက်သာ မိမိအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲတို့ အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)
#ကာကွယ်ထိန်းချုပ်ရေး #စည်းကမ်း #ဒေါက်တာမြင့်ထွေး #ဦးဖြိုးမင်းသိန်း #ဆင်ဟွာ #Xinhua