Connect with us

MYANMAR

ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး COVID-19 ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသမှုခံယူလျက်ရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့၏ အပေါ်စီးမြင်ကွင်းကို ၂၀၁၈ ခုနှစ် မေ ၂၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးမောင်မောင်စိုးသည် COVID-19 ရောဂါပိုးကူးစက်ခံထားရပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း YCDC မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးမောင်မောင်စိုးသည် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဈေးများအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်စဉ် နေထိုင်မကောင်း ဖြစ်ခဲ့ရာမှ ဒီဇင်ဘာ ၈ ရက်တွင် ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ကြောင်း ၊ ယင်းနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုချက်အရ ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုအခါ မြို့တော်ဝန် ဦးမောင်မောင်စိုးသည် တောင်ဥက္ကလာပဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်းကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)

#မြို့တော်ဝန် #ဦးမောင်မောင်စိုး #ဆင်ဟွာ #Xinhua