Connect with us

MYANMAR

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ စတုတ္ထအကြိမ် လှူဒါန်းပေးအပ် 

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လှူဒါန်းသည့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် တာဝန်ရှိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - chinese embassy in myanmar)

နေပြည်တော် ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လှူဒါန်းသည့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ဖြစ်သော တစ်ခါသုံး နှာခေါင်းစည်းများ ၊ N95 နှာခေါင်းစည်းများ ၊ အကာအကွယ်ဝတ်စုံများ နှင့် မျက်လုံးအကာမျက်မှန်များကို ဇွန် ၈ ရက်က နေပြည်တော်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဇွန် ၈ ရက်သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ ဖြစ်ကြောင်း ၊ ထိုကဲ့သို့ထူးခြားပြီး အရေးပါသည့် နေ့ရက်တွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်တို့မှ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပနိုင်ခြင်းမှာ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ဖော်ပြနေကြောင်း ပြောကြားခဲ့သည်။ 

သံအမတ်ကြီး မစ္စတာချန်းဟိုင်က နှစ်ပေါင်း ၇၀ ကြာကာလအတွင်း နှစ်နိုင်ငံသည် အပြန်အလှန် ချစ်ကြည််လေးစားခြင်း၊ အပြန်အလှန်ထောက်ခံအားပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတူတကွဖော်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အတူတကွတွန်းအားပေးခြင်းတို့ဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြု လျက်ရှိကြောင်း၊ ယခုနှစ်နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်လည်ပတ်ခဲ့ပြီး ထိုခရီးစဉ်မှသမိုင်းဝင်ရလဒ်ကောင်းများဖြစ်ထွန်းခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းကို ထူထောင်ရန် တညီတညွတ်တည်းသဘောတူခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေးသည် ခေတ်ကာလသစ်သို့ ဝင်ရောက်လာကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ ယခုလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများဖြင့် မြန်မာနိုင်ငံ၏ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို အားဖြည့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည်မြန်မာနိုင်ငံနှင့်အတူ ရောဂါတိုက်ဖျက်ရေးနှင့် လက်တွေ့ကျပူးပေါင်းဆောင်ရွက်ရေးများကို ဆက်လက်တွန်းအားပေး ဆောင်ရွက်၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ် (၇၀) ပြည့်မြောက်ခြင်းကို စမှတ်သစ် အဖြစ်ယူပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကိုနက်ရှိုင်းစေရင်း နှစ်နိုင်ငံပြည်သူများကို ပိုမို ကောင်းမွန်စွာအကျိုးပြုနိုင်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်နိုင်ငံအစိုးရမှ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများထပ်မံလှူဒါန်းသည့်အတွက် မြန်မာနိုင်ငံမှ ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခါသမယတွင် ယခုကဲ့သို့ လှူဒါန်းမှုသည် ပိုမိုအဖိုးတန်ကြောင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအစိုးရ ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် လူမှုနယ်ပယ်အသီးသီးမှ ငွေကြေးနှင့် ပစ္စည်းများ တက်တက်ကြွကြွလှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းအပေါ် ကူညီထောက်ခံအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့များစေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံ၌ ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးခန်းတည်ဆောက်ရန်နှင့် ကျွမ်းကျင်ပညာရှင်များလေ့ကျင့်သင်တန်းပေးရန်အတွက် ကူညီခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို သိသာစွာ တိုးမြင့်လာစေခဲ့ပြီး နှစ်နိုင်ငံသမိုင်းကာလ ကြာရှည်စွာတည်တံ့ခိုင်မြဲလျက်ရှိသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို သိသိသာသာထင်ဟပ်နေ ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ရောဂါတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းစေ၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်ခြင်းကို အခွင့်အခါကောင်းအဖြစ် ယူပြီး မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်း၏ အနှစ်သာရကို မပြတ်ပြည့်ဝစေကာ မြန်မာ-တရုတ်ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေး ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံသို့  COVID-19 ကာလအတွင်း Nucleic Acid စမ်းသပ်ကိရိယာများ ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ၊ N95&KN95 နှာခေါင်းစည်းများ ၊ တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE)များ ၊ အသက်ရှူစက်များနှင့် အခြား ထောက်ပံ့မှု အများအပြား လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)