Social
သမိုင်း၊ သုတ၊ ရသ နှင့် စာပေ စာတမ်းဖတ်ပွဲများ ခြောက်လအတွင်း ပေါ်ထွက်လာမည်
မန္တလေး၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
၁၉၆၄ ခုနှစ် နောက်ပိုင်းကတည်းက အနှစ် ငါးဆယ်ခန့် တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည့် သမိုင်း၊ သုတ၊ ရသ နှင့် မြန်မာစာ ရေးထုံးဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲများ လာမည့် နိုဝင်ဘာလ အကုန်တွင် ပြန်လည် ပေါ်ထွက်လာတော့မည်ဟု မကြာသေးမီက ဖွဲ့စည်းခဲ့သော “အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်း” ဥက္ကဋ္ဌ စာရေးဆရာ ဆူးငှက်က ပြောသည်။
“လာမယ့် နတ်တော်လဆန်း ၁ ရက် (နိုဝင်ဘာလ ၃၀ ရက်) နေ့မှာ ကျွန်တော်တို့အသင်းက စာတမ်းဖတ်ပွဲတွေ လုပ်ပါမယ်၊ မြန်မာစာပေ၊ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ သုတ ရသ စာတမ်းတွေ ဖတ်မှာပါ။ ဒီလို လုပ်ဖို့အတွက် အရင် အနှစ် လေးဆယ်ကျော်က လူထု ဦးလှတို့ဒေါ်ဒေါ် (လူထုဒေါ်အမာ) တို့ ထူထောင်ခဲ့တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်း ဆိုတဲ့ အမည်ကို ပြန်ယူပြီး အသင်းဖွဲ့လိုက်တာပါ” ဟု ဆရာ ဆူးငှက်က ဆင်ဟွာကို ပြောသည်။
ဒုတိယကမ္ဘာစစ်ကြီး အပြီး ၁၉၄၅ ခုနှစ်တွင် လူထု ဦးလှနှင့် လူထုဒေါ်အမာတို့ တည်ထောင် ခဲ့သည့် အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းသည် မြန်မာ့ စာပေလောကတွင် သြဇာကြီးမား ခဲ့ပြီး ယနေ့နာမည်ဘကီး သုတ ရသ စာရေးဆရာများအား မွေးထုတ်ပေးခဲ့သည့် အသင်းကြီး ဖြစ်သည်ဟု သူက ပြောသည်။
“လက်ရှိ ကျွန်တော်တို့မျိုးဆက် စာရေးဆရာတွေ ဥပမာ — ဆရာ သိုက်ထွန်းသက်၊ ဆရာ ညိုထွန်းလူ၊ ဆရာ ကျော်ရင်မြင့်၊ ဆရာ ညီစေမင်း၊ ဆရာ ညီပုလေး စတာတွေဟာ အဲဒီ အသင်းရဲ့ သြဇာ အောက်က မွေးဖွားလာသူတွေပါ၊ အဲဒီ အသင်းကြီးက စာဆိုတော် ရာသီဖြစ်တဲ့ နတ်တော်လဆန်း ၁ ရက် နေ့တိုင်းမှာ မန္တလေး အနောက်ကျုံးလမ်း (လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား) က ဓမ္မဗိမာန်မှာ စာပေလောကကို ကိုင်လှုပ်ခဲ့တဲ့ စာတမ်းဖတ်ပွဲတွေ နှစ်ည သုံးည ဆက်လုပ်ခဲ့တယ်၊ တော်လှန်ရေးကောင်စီ တက်လာပြီး ၁၉၆၄ နောက်ပိုင်းမှာ အရှိန်လျော့သွားတယ်၊ ဗိုလ်ချုပ် နေဝင်း အစိုးရက အသင်း အဖွဲ့တွေ ခွင့်မပြုတော့လို့ ၁၉၇၂ လောက်အထိပဲ တောင့်ခံနိုင်ခဲ့ပြီး ရပ်ဆိုင်းသွားခဲ့တယ်” ဟု သူက ယခင်က နာမည်တူ အသင်းအကြောင်းကို ရှင်းပြသည်။
လူထု ဦးလှ၊ လူထု ဒေါ်အမာ၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဘကီး မြမျိုးလွင်၊ ကျောက်စာ ဝန်ဟောင်း ဦးမြ၊ ဆရာတော် ရွှေကိုင်းသား စတဲ့ မန္တလေး စာရေးဆရာကြီးများရဲ့ ရပ်တည်ချက် ၊ စာပေ အယူအဆ နှင့် စာပေ လှုပ်ရှားမှုများကို ဆရာ ဆူးငှက်တို့ငယ်စဉ်ကတည်းကပင် စံထား လေးစား အားကျခဲ့ပြီး နတ်တော် လဆန်း ၁ ရက်နေ့ စာတမ်းဖတ်ပွဲများတွင် ပျော်မွေ့ ရှင်သန်ခဲ့ကြသည် ဆို၏။
“အဲဒီအချိန်က လူငယ် စာရေးဆရာတွေ ဖြစ်တဲ့ ဆရာမောင်သာနိုး၊ မောင်သစ်လွင် (လူထု)၊ ဆရာ တင်မိုး၊ ဆရာ ကြည်အောင်၊ ဆရာ မောင်စွမ်းရည်၊ တက္ကသိုလ် မောင်ထွန်းဝေတို့ ဖတ်ခဲ့ကြတဲ့ စာတမ်းတွေဟာ စာပေလောကကို ကိုင်လှုပ်ခဲ့တဲ့ စာတမ်းတွေပါပဲ။ ၁၉၆၄ ခုနှစ်က တစ်ပြည်လုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေတဲ့ စာတမ်းကတော့ ဆရာမောင်သာနိုး ဖတ်တဲ့ ‘ဗမာစာပေ အရေးအသား’ ဆိုတဲ့ စာတမ်း” ဟု ဆရာ ဆူးငှက်က ပြန်ပြောင်း ပြောပြသည်။
ထိုစာတမ်းသည် စာပေ၏ ရည်ရွယ်ချက်များတွင် ပါဝင်သည့် ပြည်သူလူထုကို ကိုယ်စားပြုရေး၊ ပြည်သူထဲသို့ အလွယ်တကူ စိမ့်ဝင်ရေးဟူသော အချက်အရ စာရေးသည့်အခါ လူအများ နားမလည်နိုင်သည့် ကိန်းကြီးခန်းကြီး စကားလုံးများ၊ ရေးဟန်များ မရေးဘဲ အရပ်သုံး စကားဖြင့်၊ စကားပြောဟန်ဖြင့် ရေးကြရန် တိုက်တွန်းသည့် စာတမ်းဖြစ်သည်။
ထိုစာတမ်းကြောင့် အထက်ဗမာနိုင်ငံ စာရေးရေးဆရာ အသင်းသားများက စကားပြောဟန်ဖြင့် ရေးလာကြသည်။ ထိုသို့ရေးခြင်းကို မြန်မာ စာပေလောကတွင် ဝေဖန်မှု အမျိုးမျိုး ပေါ်ထွက်နေ သည်ကို စာရေးဆရာ ဒေါက်တာ သန်းထွန်းက “ဘယ်သူ ဘာပြောပြော ဂရုစိုက် မနေနဲ့။ လုပ်စရာ ရှိတာ လုပ်ကြ၊ ဆင်သွားရင် လမ်းဖြစ်တယ်” ဟု အားပေးတိုက်တွန်းခဲ့ သောကြောင့် စကားပြောဟန် အရေးအသားကို “ဆင်သွားမူ” ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း ဆရာ ဆူးငှက်က ရှင်းပြသည်။
“အဲဒီ စာတမ်းတွေကို စာအုပ်အဖြစ် ပြန်ရိုက်တော့လည်း ဝယ်ဖတ်ကြ၊ သိမ်းကြနဲ့ကိုယ်တိုင်လည်း စာရေးဆရာ ဖြစ်အောင် ကြိုးစားလာကြတယ်၊ အဲဒီမှာ စာပေဟာ ပြည်သူလူထုကို ကိုယ်စားပြုရမယ်၊ ပြည်သူထဲကို စိမ့်ဝင်ရမယ်၊ ပြည်သူကို အကျိုးပြုရမယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်မယ်၊ အမျိုးသားရေး လက္ခဏာကို ဦးတည်မယ်၊ ယဉ်ကျေးမှုကို ရှေ့ရှုမယ်… … … စတဲ့ မူတွေနဲ့ စာရေးဆရာတွေ ဖြစ်လာခဲ့ကြတယ်။ ၁၉၇၂ နောက်ပိုင်းမှာ ဆက်မရပ်တည်နိုင်တော့ဘဲ ပျောက်ကွယ်သွားပေမယ့် မြန်မာစာပေသမိုင်းမှာ မှတ်တိုင်တစ်ခု ထူခဲ့တဲ့၊ အစဉ်အလာကောင်းခဲ့တဲ့ ဒီအသင်းကြီးကို ပြန်ပေါ်ပေါက်စေချင်ခဲ့တယ်။ အခုလို အရပ်ဘက် အသင်းအဖွဲ့တွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် ရလာတဲ့အချိန်၊ စာနယ်ဇင်း အသင်းတွေ ဖွဲ့လာကြတဲ့ အချိန်မှာ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းဟာ ရှိသင့်တယ်လို့ ယူဆပြီး အခုလို ဖွဲ့ဖြစ်တာပါ” ဟုလည်း သူက ရှင်းပြသည်။
၂၀၁၂ ခုနှစ်ကတည်းက ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပြီး ယခု ၂၀၁၆ မေလ အကုန်တွင် ဖွဲ့စည်းနိုင်ခဲ့သည့် အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းတွင် အသင်းဟောင်းထက်ပိုသော ရည်မှန်း ချက်များ ရှိသည်။ စာရေးဆရာ၊ သတင်းစာ ဆရာများ ကျင့်ဝတ်နှင့် လျော်ညီရေး၊ မြန်မာစာ အရေးအသား၊ ရေးထုံး၊ သတ်ပုံ သတ်ညွှန်းများနှင့် ပုံနှိပ် စည်းကမ်းများကို ထိန်းသိမ်းရေး၊ မြန်မာစာ ဝေါဟာရ အသုံးအနှုန်းများ စံပြုလောက်သည့် အနေအထားသို့ပြန်လည် ရောက်ရှိရေး စသည့် ရည်မှန်းချက်များ ဖြစ်သည်။ ထို့အပြင် ယခင် အနှစ် ငါးဆယ်ခန့်က တိမ်မြုပ်ခဲ့သည့် စာပေ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် သုတ ရသ စာတမ်းများကို ပြန်လည် ဖော်ထုတ်ပြီး ပုံနှိပ် ထုတ်ဝေသွားဖိုလည်း အသင်းက ရည်မှန်းထားသည် ဆို၏။
နောက် ခြောက်လအကြာ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မန္တလေး၌ သမိုင်း၊ သုတ၊ ရသ နှင့် မြန်မာစာ ရေးထုံးဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲများ မြင်တွေ့ ကြားနာရတော့မည်ကမူ သေချာနေသည်။ (Xinhua)