Connect with us

Local

လုံးခင်း ၊ ဖားကန့် ရတနာ နယ်မြေ၌ ကျောက်စိမ်းရိုင်း သယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းကို လုပ်ကိုင်ခွင့် ထပ်မံ ချထားပေးခြင်း မပြုဘဲ ကန့်သတ်သွားမည်

သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်ရှိ လုံးခင်း ၊ ဖားကန့်ရတနာ နယ်မြေတွင် လုပ်ကွက်အသစ်များ ထပ်မံ ချထားမှု မပြုဘဲ ကျောက်စိမ်းရိုင်း သယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းကို ကန့်သတ်သွားမည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ မေလ ၁၁ ရက် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

လုံးခင်း ၊ ဖားကန့်ရတနာ နယ်မြေတွင် သတ်မှတ် လုပ်ကွက် (အသစ်) ၊ ဖော်ထုတ် လုပ်ကွက် (အသစ်)၊ အကျိုးတူ လုပ်ကွက် (အသစ်) များကို ကျောက်မျက် ကုမ္ပဏီ အဟောင်း/အသစ်များသို့ထပ်မံ လုပ်ကိုင်ခွင့် ချထားပေးမှု မပြုတော့ဘဲ ကျောက်စိမ်းရိုင်း သယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းကို ကန့်သတ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
ထိုအတူ ပြဌာန်းပြီး ဖြစ်သည့် မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေနှင့် ကိုက်ညီသည့် နည်းဥပဒေကို ရေးဆွဲလျက်ရှိပြီး နည်းဥပဒေ ပြဌာန်းပြီးပါက ကျောက်မျက်ရတနာ အကြီးစားနှင့် အလတ်စား ၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကို ကုမ္ပဏီ အလိုက် လုပ်ကွက် အရေအတွက် ကန့်သတ်၍ လုပ်ကိုင်ခွင့် ချထားပေးခြင်းဖြင့် တူးဖော်မှု လုပ်ငန်းများကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း နယ်မြေ၌ အတိုင်းအဆမဲ့ ကျောက်စိမ်း တူးဖော်ခြင်း ၊ စည်းကမ်းမဲ့ မြေစာ စွန့်ပစ်ခြင်းတို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးခြင်း ၊ မြေစာပုံ ပြို၍ အသက်ဆုံးရှုံးမှုများ ဖြစ်ခြင်း တို့ကြောင့် ဒေသခံများ ကိုယ်တိုင်က ဆန့်ကျင် တားမြစ်နေရခြင်းတို့ ဖြစ်ပွားနေရာ နိုင်ငံတော် အစိုးရ အနေဖြင့် သက်ဆိုင်ရာ ကုမ္မဏီများအား ဥပဒေနှင့် အညီ စနစ်တကျ အချိန်မီ တားမြစ်ပေးရန် အစီအစဉ် ရှိ/မရှိ ကချင်ပြည်နယ် ၊ မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မေးမြန်းမှုအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လုံးခင်း ၊ ဖားကန့်ရတနာ နယ်မြေ ဧရိယာ အကျယ်အဝန်းသည် ၂၀၀၁ ခုနှစ်တွင် ၁,၇၄၄,၇၅၇ ဧက ရှိပြီး လက်ရှိ အခြေအနေတွင် နိုင်ငံတော် နှင့် အကျိုးတူ လုပ်ကွက် ၃၀၅ ကွက် ၊ ပုဂ္ဂလိက လုပ်ကွက် ၇,၃၄၄ ကွက်ကို လုပ်ကိုင်ခွင့် ချထားပေးလျက် ရှိပြီး လုပ်ကိုင်ခွင့် ချထားပေးသည့် ဧရိယာသည် ရတနာ နယ်မြေ ဧရိယာ၏ ၁.၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်ယန္တရား ၊ မြေသယ်ယာဉ် အရေအတွက်ကို ကန့်သတ်ခြင်း ၊ လုံးခင်း ၊ ဖားကန့်ရတနာ နယ်မြေတွင် ကျောက်စိမ်း တူးဖော်မှု လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းခြင်း ၊ မြေစာပုံ နေရာများ သတ်မှတ်၍ စနစ်တကျ မြေစာ စုပုံခြင်း နှင့် စွန့်ပစ်ပြီးသော မြေစာပုံများအား စနစ်တကျ ထိန်းချုပ်ခြင်း ၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ဖားကန့်ဒေသ၏ သဘာဝနှင့် လူမှု ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု မရှိအောင် စီမံခန့်ခွဲခြင်း နှင့် ဥရုချောင်းနှင့် ချောင်းလက်တတ်များ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ချောင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လုံးခင်း ၊ ဖားကန့်ရတနာ နယ်မြေတွင် ရှိသည့် ကျောက်စိမ်းရိုင်း သယံဇာတများကို သားစဉ် မြေးဆက် အသုံးပြုနိုင်ရေး ၊ အတိုင်းအဆမဲ့ ကျောက်စိမ်း တူးဖော်မှု မရှိစေရေး ၊ မြေစာပုံ ပြိုကျပြီး မြေစာပိသည့် ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေး နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး တို့အတွက် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ အစီအမံများ ရေးဆွဲ၍ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.