Local
ပို့ကုန်ဈေးကွက် အိမ်နီးချင်းနိုင်ငံများ နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ဝိုင်းဝန်းဖြေရှင်းရန်လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီးပြောကြား
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
ပို့ကုန်ဈေးကွက် အိမ်နီးချင်းနိုင်ငံများ နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ဈေးနှုန်း၊ အရည်အသွေး အပါအဝင် ခက်ခဲနေသေးသည့် အရာများအား အစိုးရ၊ ပုဂ္ဂလိက အဘက်ဘက်မှ ဝိုင်းဝန်းညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ယနေ့ပြောကြားသည်။
ဒေါက်တာသန်းမြင့်က “တချို့ကိစ္စတွေက ရေရှည်ကိစ္စ တွေရှိတယ်။ လျှပ်စစ်ရရှိနိုင်ဖို့ ကိစ္စမျိုး၊ ထုတ်ကုန် အရည်အသွေးကောင်းဖို့လို ကိစ္စမျိုးတွေက ရေရှည်စဉ်းစားပြီးလုပ်ရမယ့်ကိစ္စတွေဖြစ်တယ်။ တချို့ကိစ္စတွေက ရေရှည်၊ ရေလတ်၊ ရေတိုကို စဉ်းစားပြီးလုပ်ဆောင်သင့်ပါတယ်’’ ဟုပြောကြားသည်။
ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း ၊ ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍဖွွံ့ဖြိုးတိုးတက်ရန် ဝန်ကြီးဌာနအနေဖြင့် အားပေးကြောင်း၊ ထို့ကြောင့် အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ဆက်စပ်မှုအားကောင်းလာစေရန် အတတ်နိုင်ဆုံး ကွန်ယက်ကျယ်ပြန့်လာရန် ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ဒေါက်တာသန်းမြင့်က “ပို့ကုန်ဆိုတာ ပို့နိုင်တဲ့ ပစ္စည်းရှိမှ ပို့လို့ရတာ။ ဈေးကွက်ရှိမှ ပို့လို့ရမှာ။ ယှဉ်ပြိုင်နိုင်စွမ်းလည်းရှိဖို့လိုတယ်။ ဈေးနှုန်း၊ ဈေးကွက်ခံနိုင်စွမ်းအား စတာတွေလိုတယ်။ ကျွန်တော်တို့အနေနဲ့ ပို့ကုန်တိုးတက်ရေး အားကိုးဖို့ဆိုရင် ရေနံနဲ့ ဂက်စ်က ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းအတော်လေးကျနေတယ်။ အဲ့ဒါကြောင့် ပို့ကုန်ကဏ္ဍမှာ ပြီးခဲ့တဲ့ နှစ်က လျော့သွားတာရှိတယ်။ သစ်တောဘက်ကကျတော့ လည်း သစ်တောထိန်းသိမ်းရေးဆောင်ရွက်နေတယ်။ ဒီတော့ သစ်တောထိန်းသိမ်းတော့ ထုတ်လုပ်မှုလျော့သွားမယ်။ သတ္တုဘက်ကလည်းလျော့နေတယ်။ ကျောက်ဈေးကွက်ကလည်း ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းကျနေတော့ သဘာဝသယံံဇာတဘက်မှာ နည်းလာတယ်။ ဒီတော့ လယ်ယာကဏ္ဍ ကို ပဲ ပို့ကုန်များများပို့နိုင်အောင် ဆောင်ရွက်ဖို့အားထားရတော့မယ်’’ ဟုပြောသည်။
ထိုသို့ လယ်ယာကဏ္ဍ တွင် စိုက်ပျိုးရေး၊မွေးမြူရေး စသဖြင့် အားလုံးပါဝင်ကြောင်း၊ ထိုကဏ္ဍတွင်လည်း အိမ်နီးချင်းနိုင်ငံများ နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကဏ္ဍစုံတွင် ရေတို၊ ရေရှည်၊ ရေလတ်စီမံကိန်းများ ချမှတ်၍ တိုးတက်စေရန် ဆောင်ရွက်သင့်ကြောင်း ဆိုသည်။ (Xinhua)