Connect with us

Local

အသွင် ကူးပြောင်းရေး ကာလ စိန်ခေါ်မှုများနှင့် ၂၀၁၆ မြန်မာ့ စီးပွားရေး

အစိုးရသစ်လက်ထက် မြန်မာ စီးပွားရေး ကဏ္ဍ ပုံရိပ်များ (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မြန်မာ့စီးပွားရေး ကဏ္ဍသည် ၂၀၁၆ ခုနှစ်တွင် အစိုးရသစ် အပြောင်းအလဲများဖြင့် စိန်ခေါ်မှုများ ကြုံတွေ့ ခဲ့ရသော်လည်း ယခုအချိန်သည် နိုင်ငံတကာ၏ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် အကောင်းဆုံး အချိန် ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

စိန်ခေါ်မှု

“အသွင်ကူးပြောင်းရေး ကာလမှာ စီးပွားရေး အရ စိန်ခေါ်မှုတွေ ရှိတယ်။ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေကို တာဝန်ရှိတဲ့သူတွေက ကိုင်တွယ်နေတာပဲလေ။အဲဒီ ကိုင်တွယ်မှုကို အခြေခံပြီးတော့ အဖြေရလဒ်တွေကတော့ ၂၀၁၇ မှာတော့ တွေ့ရမှာပဲ။”စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ဆင်ဟွာသို့ပြောသည်။

စီးပွားရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု

အစိုးရသစ် လက်ထက် စီးပွားရေး ကဏ္ဍတွင် သိသာ ထင်ရှားသည့် ပြုပြင် ပြောင်းလဲမှုများ အဖြစ် စီးပွားရေး မူဝါဒများ ချမှတ်ခြင်း ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အား အတည်ပြု ပြဌာန်း နိုင်ခြင်း စသည့်တို့အား ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု

“ဒီအချိန်က မြန်မာနိုင်ငံ အတွက်က နိုင်ငံတကာရဲ့စီးပွားရေး ပေါင်းစည်းမှုက အကောင်းဆုံး အချိန်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကမ္ဘာက အားလုံးက အသိအမှတ် ပြုတာပဲလေ။သူရဲ ့ခရီးစဉ်တွေ ကြည့်မယ်ဆိုရင် အကူအညီတွေ ၊ ချေးငွေတွေ အများကြီး လာကြတာပေါ့။၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရဲ ့စီးပွားရေးရော ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုရောက ပြန်တက်လာမယ့် သဘောရှိတယ်။အဲဒါက သေချာတယ်။ဒီလို တက်လာမယ် ဆိုရင် နိုင်ငံရဲ ့ဖွံ့ဖြိုးတိုးတက်ရေးက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေက အများကြီး အခွင့်အရေးတွေ ဖြစ်လာမယ်လေ။”ဟု ပြည်တွင်း စီးပွားရေး ပညာရှင် ဒေါက်တာ မောင်အောင်က ဆင်ဟွာသို့သုံးသပ် ပြောကြားခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု

၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် ဒီဇင်ဘာ လလယ် အထိ နိုင်ငံခြား ရင်းနှှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂,၁၄၆.၉၄၃ အား ခွင့်ပြုပေးထားရာ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် လျှော့နည်း နေသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် တစ်ခုလုံး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလျံ ခန့်မှန်းထားကြောင်း သိရသည်။
စောင့်ကြည့်နေသည့် ရင်းနှီးမြှုပ်နှံသူများ
ထိုကဲ့သို့လျော့နည်း ရခြင်း အကြောင်းရင်းမှာ အစိုးရသစ်၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒများအား ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေသည့် အတွက် ဖြစ်သည်ဟု သုံးသပ်ကြသည်။

စတော့အိတ်ချိန်း

မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းဖြစ်သည့် ရန်ကုန် စတော့ အိတ်ချိန်းတွင် အစုရှယ်ယာများအား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် အရောင်းအဝယ် ပြုလုပ်ခဲ့စဉ် FMI ကုမ္ပဏီ တစ်ခုတည်းသာ ရှိခဲ့ရာမှ ယခု ဒီဇင်ဘာလ အထိ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ နှင့် မြန်မာနိုင်ငံသားများဘဏ်တို့ပါဝင် အရောင်းအဝယ် ပြုလုပ်ခဲ့သည်။
စတော့အိတ်ချိန်း ဈေးကွက်အတွင်း စတင် အရောင်းအဝယ် ပြုလုပ်ချိန်တွင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ပါဝင်စားမှု တဖြည်းဖြည်းဖြင့် လျော့နည်းပါးခဲ့သည်။
ကုမ္ပဏီများ၏ အစုရှယ်ယာ အရောင်းအဝယ်များ ကျဆင်းလာခဲ့ရာ စတင် အရောင်းအဝယ် ပြုလုပ်သည့် မတ်လအတွင်း ငွေကျပ် ၂၄ ဘီလီယံကျော် အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့သော်လည်း နိုဝင်ဘာလကုန်တွင် ကျပ် ၂ ဘီလီယံကျော်သာ အရောင်းအဝယ် ရှိခဲ့သည်။
စတော့ အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ကျဆင်းမှုများသည် ပြည်သူလူထု၏ ယုံကြည်မှု နှင့် သတင်းအချက်အလက် အသိပညာ ရရှိမှု လျော့နည်းနေသေးသည့် အတွက်ကြောင့် ဖြစ်ပြီး စိတ်ဝင်စားမှုနှင့် သတင်း အချက်အလက် အသိပညာ ပေးမှု ပို၍ မြင့်တက်လာအောင် လုပ်ဆောင်သင့်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
စံချိန်တင် နိုင်ငံခြားငွေ လဲလှယ်နှုန်း
မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ် အတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း စံချိန်တင် မြင့်တက်ခြင်း ၊ မြန်မာ ငွေကြေး ဖောင်းပွခြင်း စသည့် မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ရပြီး နှစ်အဆက်ဆက် ဘတ်ဂျက် လိုငွေ ပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု ၊ စားသုံးမှု ၊ ဝယ်လိုအား ၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်း ပွမှုနှုန်း မြင့်မားခဲ့သည်။

ကျပ်ငွေ တန်ဖိုး

မြန်မာငွေကျပ် တန်ဖိုးသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အဓိက အကြောင်းရင်း

ငွေလဲနှုန်းများမြင့်တက်နေခြင်းသည် မြန်မာ့ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှု မြင့်မားနေခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်လာကာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း လာသော ကြောင့် ဖြစ်ပြီး အဓိက အကြောင်းရင်းများအားဖြင့် ကုန်သွယ်မှုလိုငွေမြင့်မားနေခြင်း၊ တရားမဝင် ငွေကြေးဈေးကွက် အားကောင်းနေခြင်းနှင့် ဒေါ်လာဈေးကစားကြသူများကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဒီဇင်ဘာ လကုန်ပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်
နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ မြင့်တက်နေခြင်း အခြေအနေသည် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် ထိခိုက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပြီး ပြည်တွင်း အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း UMFCCI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေလဲလှယ်နှုန်းများ တည်ငြိမ် လာစေရေး

နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများ တည်ငြိမ် လာစေရေး အတွက် ငွေကြေး ဈေးကွက် ဆိုင်ရာ ၊ နိုင်ငံခြားငွေများ ပိုမိုရရှိလာစေရေး ၊ ကျပ်ငွေ ဝယ်လိုအားမြှင့်တင်ရေး ၊ ပို့ကုန်-သွင်းကုန် ဆိုင်ရာနှင့် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ UMFCCI မှ အကြံပြု တိုက်တွန်းထားသည်။

ကဏ္ဍပေါင်းစုံ ဖြေလျော့

“မြန်မာနိုင်ငံမှာ အထိုက်အလျောက် တော့ တိုးတက်မှုတွေက ဘက်စုံကနေ ဖြစ်လာတယ်။ ရွေ့လာတယ်။ နှေးကွေးတာကို တော်တော်များများက အားမလို အားမရ ဖြစ်နေတာပေါ့။အခုတော့ ဖြေလျှော့မှုတွေကို ဘက်စုံ ကဏ္ဍစုံက လုပ်နေကြတာပေါ့။ဒါပေမယ့် ပေါင်းစည်း ညှိနှိုင်းမှု မရှိသေးတာတွေ ရှိတယ်။”ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဆင်ဟွာသို့ပြောသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့် အတူ

ကမ္ဘာနှင့် တစ်ဝန်း စီးပွားရေး ကျဆင်းမှု ၊ ငွေကြေး ဖောင်းပွမှုများ ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် ထိုရိုက်ခတ်မှုများ ရှိမည် ဖြစ်ကြောင်း ၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန် ဗဟိုဘဏ်မှ ၂ ကြိမ်ခန့်အတိုးနှုန်း မြှင့်တင် ရန် အလားအလာ ရှိသည့် အတွက် ရိုက်ခတ်မှုများ ဆက်လက် မြင်တွေ့ရအုံးမည် ဖြစ်ကြောင်း ၊ ထိုအတွက်ကြောင့် ပြင်ဆင်ထားရန် လိုအပ်ပြီး မြန်မာငွေကြေး တန်ဖိုးကျဆင်းမှု အပေါ်ကိုလည်း အခွင့်အရေး ယူတတ်ရန် လိုအပ်ကြောင်း နိုင်ငံ ပို့ကုန်ကဏ္ဍတွင် အခွင့်အရေး ယူတတ်ရန် လိုကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

ကုန်သွယ်မှု လိုငွေ

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေ စုစုပေါင်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ပထမ ၈ လပတ် အတွင်း အမေရိကန် ဒေါ်လာ ၃.၂၆၄ ဘီလီယံ ရှိပြီး ယခင်နှစ် အလားတူ ကာလတွင် အမေရိကန် ဒေါ်လာ ၄.၉၈၈ ဘီလီယံ ရှိခဲ့သည်။
နိုင်ငံ စီးပွားရေးတွင် ကုန်သွယ်မှု လိုငွေ ကြီးမားစွာ ပြသရခြင်း၏ အဓိက အကြောင်းအရာမှာ ငွေကြေး ဖောင်းပွခြင်း နှင့် ပို့ကုန် ကဏ္ဍ တိုးမြင့်ရန် လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်။

ရ/သုံး ငွေစာရင်း

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ရငွေ သုံးငွေဆိုင်ရာ အကောင်အထည် ဖော်နိုင်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်များနှင့် နှိုင်းယှဉ်ပါက ရငွေသည် သုံးနှစ် အတွင်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက လွှတ်တော်သို့အစီရင်ခံ တင်ပြခဲ့သည်။

မျှော်မှန်းသလောက်

အစိုးရသစ် လက်ထက် ပထမ ၆ လတွင် စီးပွားရေးဘက်တွင် မျှော်မှန်းသလောက် မြန်မြန် ဆန်ဆန် တိုးတက်မှု မရှိခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံ ပြောဆိုထားခဲ့သည်။

၂၀၁၇ ခုနှစ် မျှော်မှန်းချက်

“၂၀၁၇ ခုနှစ်မှာ စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ပြီး ပိုကောင်းလာမယ်လို့မျှော်လင့်ပါတယ်။အမေရိကန် ပိတ်ဆို့မှုတွေ ဖြေလျှော့တာတွေက အခွင့်အလမ်းတွေပါ။အဲလို အခွင့်အလမ်းတွေက ဒီနေ့ ဖြေလျော့ လိုက်တာနဲ့နောက်တနေ့လုပ်နိုင်တဲ့ အနေအထား မရှိဘူး။အချိန်အတိုင်းအတာ တစ်ခုတော့ ယူရမှာပဲလေ။ ဒါကြောင့် ၂၀၁၇ ကိုပဲ မျှော်လင့်ချက် ထားရမှာပဲ။၂၀၁၆ မှာ ရလာတဲ့ အခွင့်အလမ်းတွေကို ယူဖို့လိုတယ်။ ကမ္ဘာ့စီးပွားရေး အနေအထားကိုလည်း အခွင့်အရေး ယူဖို့လိုတယ်။”ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က သုံးသပ်သည်။
“ရင်းနှီးမြုပ်နှံသူ အကြီးကြီးတွေက စောင့်ကြည့်တဲ့ ကာလလည်း ဖြစ်တဲ့ အတွက် ၂၀၁၆ ခုနှစ်ရဲ့စီးပွားရေးဟာ သိပ်ပြီး တိုးတက်တာတော့ မတွေ့ရဘူး။တစ်ခုရှိတာက ကမ္ဘာ့စီးပွားရေးလည်း ၂၀၁၆ က အကောင်းကြီး မဟုတ်ဘူး။မြန်မာ့ စီးပွားရေးလဲ ရိုက်ခတ်မှု ရှိတယ်လို့ထင်တယ်။၂၀၁၇ ခုနှစ်ကတော့ ၂၀၁၆ ခုနှစ်ထက်တော့ အများကြီး ကောင်းဖို့ရှိပါတယ်။အဲလို မျှော်လင့်တယ်။”ဟု စီးပွားရေး ပညာရှင် ဒေါက်တာ မောင်အောင်က သုံးသပ်သည်။

စီးပွားရေး မူဝါဒ

အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်မှု ရရှိစေရန် ရည်ရွယ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အထောက်အကူ ရရှိစေရန် ဦးတည်၍ သဘာ၀ သယံဇာတ အရင်း အမြစ်များကို ရေရှည် ထိန်းသိမ်းလျက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အကြား မျှတ မှန်ကန်စွာ ခွဲေ၀ အသုံးချနိုင်မည့် စီးပွားရေးမူဘောင် ချမှတ် ဆောင်ရွက်ရန် မျှော်မှန်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.