Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် သောင်စွန်းစီဆိုလစ်သ်တို့ ဇန်နဝါရီ ၆ ရက်က ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဇန်နဝါရီ ၆ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးတွင် လာအိုနိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ်(Thongloun Sisoulith)နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် ပထမဦးစွာ သမ္မတရှီက လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ်ထံသို့ နှစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပေးရန်  ပြောကြားခဲ့သည်။ သမ္မတရှီက တရုတ်-လာအို နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်း ၊ မိတ်ဖက်ကောင်း ဖြစ်သလို ကံတူကျိုးပေးအသိုက်အဝန်းတစ်ခုပို၍ပင်ဖြစ်ကြောင်း ၊ ကွန်မြူနစ်ပါတီ ဦးဆောင်မှုနှင့် ဆိုရှယ်လစ်စနစ်သည် မိမိတို့၏ နိုင်ငံရေး ပင်ကိုယ်အားသာချက်ဖြစ်ကြောင်း ၊ တစ်လှေတည်းစီးတစ်ခရီးတည်းသွား တူယှဉ်လက်တွဲလျက် အဆင့်မြင့်အရာရှိ ဆက်ဆံရေးအစဉ်အလာကို နီးကပ်စွာ ဆောင်ရွက်သွားပြီး နိုင်ငံရေးရာစီမံခန့်ခွဲမှု ဖလှယ်ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့်  စီမံအုပ်ချုပ်ရေးစွမ်းရည်ကို အတူမြှင့်တင်ကာ နိုင်ငံရေးလုံခြုံမှု၊ နှစ်နိုင်ငံနှင့် ဖွံဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်းကို ဆက်လက်ခိုင်မာစွာ အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်-လာအို သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၆၀ ပြည့် ဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အနာဂတ်ကို ဖွင့်လှစ်မည့်အရေးကြီးကာလဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် လာအိုနှင့်အတူ  တရုတ်-လာအို ကံတူအကျိုးပေးအသိုက်အဝန်းတည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးရေးမဟာဗျူဟာများ ချိတ်ဆက်ခြင်း ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-လာအို စီးပွားရေးစင်္ကြံတည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်သွားပြီး  ရထားလမ်း၊ စီးပွားရေးဥယျာဉ်ဇုန်စသည့် စီမံကိန်းကြီးများ၏ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်အောင် ဆောင်ရွက်သွားကာ တရုတ်-လာအို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏ ကဏ္ဍသစ်ကို ထပ်မံလျှောက်လှမ်းရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ်ကလည်း သမ္မတ ဘွန်ညံဗိုရာချစ်(Bounnhang Vorachith)၏ နှုတ်ခွန်းဆက်စကားအား သမ္မတရှီသို့ ပြောကြားခဲ့ပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ကြာကာလတွင် သမိုင်းမှတ်ကျောက်တင် အောင်မြင်မှုရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ထပ်မံပြောကြားခဲ့သည် ။ သမ္မတ ရှီ ဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာသည့် လမ်းဆောင်မှုများတွင် တရုတ်နိုင်ငံပြည်သူများက ရည်မှန်းကာလအတိုင်း ဘက်စုံအတော်အသင့်ပြည့်စုံသည့် လူမှုအသိုက်အဝန်းတည်ဆောက်နိုင်ကာ ပထမ နှစ်တစ်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏စတုတ္ထမြောက်မျက်နှာစုံညီအစည်းအဝေးအောင်မြင်စွာ ဖွင့်လှစ်ခဲ့သည့်အတွက်လည်း အထူးဝမ်းသာဂုဏ်ယူကြောင်း ၊ တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ၏ဝိသေသလက္ခဏာနှင့်ကိုက်ညီသော ဆိုရှယ်လစ်စနစ်ကို ခိုင်ခိုင်မာမာ ပြည်စုံကောင်းမွန်အောင် ဆောင်ရွက်ကာ နိုင်ငံရေးရာ စီမံခန့်ခွဲမှုစနစ်ကို ခေတ်နှင့်အညီ တွန်းအားပေး ဆောင်ရွက်နေခြင်းသည် လာအိုမှ လေ့လာနမူနာယူထိုက်ကြောင်း ၊ ၎င်းမှာ လာအိုနိုင်ငံအား ဆိုရှယ်လစ်လမ်းစဉ် ခိုင်မာစွာလျှောက်လှမ်းရန် အင်အားဖြစ်စေကြောင်း သောင်လွန်းစီဆိုလစ်သ်က ဆိုသည်။

တရုတ်-လာအို နှစ်နိုင်ငံခေါင်းဆောင် သဘောတူညီမှုရရှိထားသည့် ကံတူအကျိုးပေး အသိုက်ဝန်း တည်ဆောက်ရေးစီမံကိန်းသည် နှစ်နိုင်ငံဆက်ဆံရေး၏အနာဂတ်ကို ပုံဖော်ထားပြီး ရှင်းလင်းသည့်ဦးတည်လမ်းညွှန်ရာလည်းဖြစ်ရာ လာအိုနိုင်ငံအနေဖြင့် အသေးစိတ်တစ်ခုစီအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ လာအိုနိုင်ငံ၏ စီးပွားရေး နှင့်လူနေမှုဘ၀တိုးတက်လာစေရန် တရုတ်-လာအို ရထားလမ်းအစရှိသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ရေး အရေးကြီးစီမံကိန်းများကို ရည်မှန်းကာလအတိုင်း အောင်မြင်စွာပြီးဆုံးစေရန် အပြုသဘောဆောင်တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ယန်ကျဲ့ချီ၊ ဝမ်ရိ ၊ ဟယ်လိဖုန်းတို့ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)