Connect with us

MYANMAR

ထောက်ပံ့ ပစ္စည်းငါးမျိုး နေပြည်တော် ပျဉ်းမနားမှ လူတစ်သိန်းခွဲခန့် စတင် ရရှိ

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင် အဖွင့်မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အစီအမံ ဖြစ်သည့် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန် ငါးမျိုး ပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ရာ ပျဉ်းမနားမြို့မှ လူဦးရေ တစ်သိန်းခွဲခန့်အား စတင်ပေးအပ်ခဲ့ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ယနေ့ပြောကြားခဲ့သည်။

နေပြည်တော်၌ မြို့နယ်ပေါင်း ရှစ်မြို့နယ် ရှိသည့်အနက် လူဦးရေအများဆုံး ဖြစ်သည့် ပျဉ်မနားမြို့နယ်အား ထောက်ပံ့ ပစ္စည်း ငါးမျိုးကို ယနေ့စတင် ပေးအပ်ခဲ့ရာ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုပေါင်း ၂၇၄၂၈ စု(လူဦးရေ တစ်သိန်းခွဲခန့်) ရှိပြီး ပစ္စည်း ငါးမျိုးအတွက် ကျပ်သိန်း လေး ထောင်ဖိုးခန့်ရှိကြောင်း ပျဉ်းမနား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက သတင်း မီဒီယာများသို့ ဧပြီလ ၉ ရက်နေ့က ဖြေကြားခဲ့သည်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ)

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့က ထောက်ပံ့ပစ္စည်းများအား ကြည့်ရှုနေစဉ် (ဆင်ဟွာ)

အဆိုပါ အိမ်ထောင် စု ၂၇၄၂၈ စုအနက် အိမ်ထောင်စု သုံးထောင်ကျော်မှာ တောင်ပေါ် ကျေးရွာအုပ်စု ခုနစ်အုပ်စုမှ ပြည်သူများဖြစ်ကြပြီး ၎င်းတို့ထံသို့ ထောက်ပံ့ပစ္စည်းများကို မော်တော်ယာဉ်များဖြင့် လမ်းကြောင်း သုံးကြောင်းခွဲကာ အလီလီပေးပို့ သွားမည်ဟု သိရသည်။

လက်ရှိ ဈေးကွက်ပေါက်ဈေးအရ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် စုစုပေါင်း ၁၅၀၀၀ ကျပ်ဖိုးခန့် ဝေငှပေးခြင်းဖြစ်ပြီး ပုံစံ ၆၆ မရှိသော အိမ်ထောင်စုများလည်းပါဝင်ကြောင်း သိရသည်။

ယခုကဲ့သို့ COVID-19 ကာကွယ် တားဆီး ထိန်းချုပ်ကုသရေး ဆောင်ရွက်နေချိန်တွင် သင်္ကြန်ကာလသည် အရေးပါလှကြောင်း၊ နိုင်ငံတော် သမ္မတကြီး မိန့်ကြားထားသည့်အတိုင်း COVID-19 ကို အနိုင်ရရေးအတွက် အဆုံးအဖြတ်တစ်ခု ပေးနိုင်သော ကာလလည်းဖြစ်ကြောင်း၊ ဒေသတွင်း တာဝန်ရှိသူများသာမက ပြည်သူအားလုံးကပါ မိမိတို့ တစ်ဦးချင်း လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးအနက်ထား ကျင့်သုံး ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က တိုက်တွန်းပြောကြားခဲ့သည်။  (Xinhua)