Connect with us

MYANMAR

COVID-19 Fund မှ ပထမ အသုတ်အဖြစ်လုပ်ငန်း ၈၈ ခုအား ချေးငွေထုတ်ယူခွင့်ပြု

မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွင် COVID-19 Fund ချေးငွေလျှောက်လွှာများလက်ခံနေစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့်  စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 Fund မှ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက်  ပထမ အသုတ်အဖြစ်လုပ်ငန်း ၈၈ ခုအားချေးငွေထုတ်ယူခွင့်ပြုပေးခဲ့ကြောင်း အဆိုပါကော်မတီ က ဧပြီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ကျွန်တော်တို့ ကုန်သည်စက်မှု အသင်းချုပ်က ချေးငွေလျှောက်ထားမှု တွေ လက်ခံဆောင်ရွက်ပေးတဲ့အခါ မနေ့က ဧပြီလ ၉ ရက်နေ့ ညနေ ၆နာရီအထိ လျှောက်လွှာပေါင်း ၁၆၀၀ ကျော်လက်ခံရရှိခဲ့ပါတယ်။ ချေးငွေ ပေးတဲ့ အပိုင်းနဲ့ ချေးငွေ ပေးဖို့ လုပ်ငန်းရွေးချယ်တဲ့ အပိုင်းက အစိုးရ က ဆောင်ရွက်တာပါ’’ ဟု ဆင်ဟွာကို ဧပြီ ၁၀ ရက်တွင် ပြောသည်။

ကုန်သည်စက်မှု အသင်းချုပ် မှ ချေးငွေ လျှောက်လွှာများအားလက်ခံပေးပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ စိစစ်ပြီး ဆောင်ရွက် ၍ ချေးငွေထုတ်ပေးခြင်းဖြစ်ကြောင်း ဒေါက်တာမောင်မောင်လေးက ဆိုသည်။ ချေးငွေလျှောက်ထားမှုလျှောက်လွှာများအား ဧပြီ ၉ ရက် တွင်နောက်ဆုံးထားပြီး လက်ခံခဲ့ကြောင်း သိရသည်။  (Xinhua)