Connect with us

MYANMAR

နိုင်ငံတော်က လုပ်ပေးသင့်သည်များအားလုံး လုပ်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) 

နိုင်ငံတော်က လုပ်ပေးသင့်သည်များအားလုံး လုပ်ပေးမည် ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ စက်တင်ဘာ ၁၅ ရက်တွင် နိုင်ငံအတွင်း COVID-19 ရောဂါပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်ကနေပြီးတော့ လုပ်ပေးသင့်တာတွေအားလုံး ကျွန်မတို့ လုပ်ပေးမှာပါ။ ကျွန်မတို့က ဆေးဝါးပစ္စည်းတွေလည်း လုံလုံလောက်လောက်ရှိအောင် လုပ်ပေးပါမယ်။ အခုဆိုရင် လူနာတွေကို ကုသဖို့နေရာ လုံလုံလောက်လောက်ရှိအောင် ကုသရေးဌာနတွေ လုံလုံလောက်လောက်ရှိအောင် လုပ်ပေးနေပါတယ်။ Quarantine နေရာတွေ လုံလုံလောက်လောက်ရှိအောင်လို့လည်း လုပ်ပေးနေပါတယ်။ ဒီ Quarantine နေရာတွေမှာလည်း ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေကနေပြီးတော့ အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့စေတနာ့ဝန်ထမ်းတွေလည်း ရောဂါကူးစက်တာ လည်းရှိပါတယ်။ နောက်ပိုင်း နည်းနည်းပင်ပန်းလို့ နားချင်တာတွေလည်းရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေကနေ ဝိုင်းဝန်းပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးမယ်လို့ ကျွန်မယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။ 

ထို့အတူ ရခိုင်ပြည်နယ်တွင် ယခင်လက တော်တော်စိုးရိမ်ရပြီး ယခုအချိန်တွင် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်၍ ရသွားပြီဟု ပြောနိုင်ကြောင်း ၊ ယင်းမှာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ ယခုမှ စ၍ အားလုံး တိတိကျကျ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရန်ကုန်၌လည်း အခြေအနေကို မကြာခင်ကာလတွင် ထိန်းချုပ်သွားနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

“အခုဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ကူးစက်နေတာက မိသားစုဝင်အတွင်းမှာ ကူးစက်တာတွေ တော်တော်များပါတယ်။ အဲဒါလည်း သတိပြုစေချင်ပါတယ်။ သေဆုံးတဲ့ အထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံ ရှိသူတွေ ပါပါတယ်။ အဲဒီတော့ လူငယ်များဟာ ခံနိုင်ရည်ရှိတာကြောင့်မိုလို့ တစ်ခါတစ်လေ ရောဂါလက္ခဏာမပြပါဘူး။ ၇၀ ရာခိုင်နှုန်းလောက်က ရောဂါရှိနေတဲ့ သူတွေက ရောဂါလက္ခဏာ မပြပါဘူး။ အဲဒါကိုက တစ်နည်းအားဖြင့် အန္တရာယ်တစ်ခုပါပဲ။ ရောဂါလက္ခဏာ မပြတဲ့အခါကျတော့ ကိုယ်ကိုယ့်ကိုယ် ရောဂါရှိတယ်လို့ မထင်ဘူး။ ကိုယ့်မိသားစုတွေ ကိုယ့်ဆီကနေ ကူးသွားနိုင်ပါတယ်။ အဲဒီတော့ အဲဒီထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေရှိနိုင်တယ်။ ရောဂါအခံရှိတဲ့သူတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့ ကိုယ်တစ်ယောက်က နည်းနည်းစည်းကမ်းလိုက်နာမှုမှာ အားနည်းတယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်အတွက် အများကြီးအန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်းအတွက် ဂရုစိုက်ကြပါ။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ယခုအခါ အစိုးရယန္တရားလည်ပတ်မှုကို မထိခိုက်အောင် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပြီး လုပ်ကိုင်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ ရန်ကုန်မှစပြီးတော့ ရောဂါပြန့်ပွားတဲ့အချိန်ကို သတ်မှတ်လိုက်မယ်ဆိုရင် ဩဂုတ်လ နောက်ပိုင်းအပတ်ပါ။ ဒီဩဂုတ်လနောက်ပိုင်းအပတ်မှာစပြီး ပြန့်ပွားလာတယ်။ စပြီး ပြန့်ပွားလာတယ်ဆိုတာကို စက်တင်ဘာလ အစောပိုင်းမှာ၊ လဆန်းပိုင်းမှာဆိုရင် အများပြည်သူက သိလာပြီ။ သိလာတဲ့အချိန်မှာတော့ ပိုပြီးတော့ သတိထားလာပြီ။ အခုဆိုရင် တတိယပတ်ထဲကို ဝင်လာပြီ။ တတိယပတ်ထဲကိုဝင်လာပြီဆိုတော့ ဒီအချိန်မှာ ကျွန်မတို့ ထိန်းထိန်းသိမ်းသိမ်းလုပ်သွား တယ်ဆိုရင် နောက်တစ်ပတ် နှစ်ပတ်အတွင်းမှာ အကျိုးဆက်ဟာ ပေါ်လာမှာပါ။ ဘယ်သူမှတော့ အကန့်အသတ် ကြားထဲမှာမနေချင်ဘူး။ ဒါပေမယ့် ဒီကန့်သတ်မှုတွေဟာ ရေရှည်မှာ မြန်မြန်ဆန်ဆန် ဒီအခြေအနေကနေပြီးတော့ ကျွန်မတို့ ရုန်းထွက်နိုင်အောင်လို့ သေသေချာချာ သတိထားပြီးတော့ အားလုံးကနေပြီး ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ စက်တင်ဘာ ၁၅ ရက် ညပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၅၀၀ ဦးကျော် နှင့် သေဆုံးသူ ၃၅ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.