Connect with us

MYANMAR

COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၄) ဦးထပ်မံတွေ့ရှိ၊ ရောဂါရှိသူ စုစုပေါင်း ၃,၆၃၆ဦးထိရှိလာ

COVID-19 ရောဂါ ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများတပ်ဆင်ပြီး ဈေးရောင်းချနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၄) ဦးထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ ရောဂါရှိသူ စုစုပေါင်း ၃,၆၃၆ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

COVID-19 ရောဂါကြောင့် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် သေဆုံးသူ လူနာ ၄ဦးစီရှိခဲ့ပြီး လက်ရှိတွင် သေဆုံး ၃၉ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၈)နှစ် အရွယ် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသမီး (Case-2347) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၅ရက် နေ့လည် (၁:၂၈) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း နှင့် COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၉) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး (Case-1589) သည် ပြင်းထန် အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၅ရက်နေ့၊ နံနက် (၁၀:၂၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၁၄ ရက်ကလည်း ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၅၁) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-3122) သည် ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၆၈) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3258) သည် ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် ညနေ (၄:၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)