Connect with us

MYANMAR

ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံး အောက်တိုဘာလကုန်အထိ ထပ်မံတိုးမြှင့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှာခေါင်းစည်း တပ်ဆင်၍ အစားအသောက် လိုက်လံ ပို့ဆောင်နေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) 

COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှု နှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် အစိုးရအနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို အောက်တိုဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ 

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရန် ဖြစ်ကြောင်း ၊ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲ ညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာကြရမည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ကန့်သတ်ချက် များအားလုံးကို စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။ 

အဆိုပါကန့်သတ်ချက်များမှာ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ကြေညာချက်၊ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍ ကြေညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ကြေညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ ကြေညာချက်တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)