Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးအတွင်းဘဏ်ဝန်ထမ်းများ  QR Code registration လုပ်ရန်မလိုဘဲ ဘဏ်ထောက်ခံစာဖြင့် သွားလာနိုင်ဟုဆို

stay at home သတ်မှတ်ထားသော ရန်ကုန်မြို့တော်၌ လူအသွားအလာနည်းပါးနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်ဝန်ထမ်းများ သည် QR Code registration လုပ်ရန်မလိုဘဲ ဘဏ်ထောက်ခံစာဖြင့် သွားလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးရဲမင်းဦးက ပြောကြားသည်။

“ဘဏ်တွင်တာဝန်ထမ်းဆောင်နေကြောင်း ဘဏ်ရဲ့ တရားဝင် ထောက်ခံစာဖြင့် ရန်ကုန်မြို့တွင်း သွားလာလို့ရပါတယ်။သီးခြား ထောက်ခံစာ ယူရန် မလိုပါ။အခု UMFCCI က ဆောင်ရွက်နေတဲ့ QR Code registration လုပ်ရန် မလိုအပ်ဘူး”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် အိမ်၌နေရန် (Stay at home) ကြေညာထားသော်လည်း ဘဏ်လုပ်ငန်းများကို ဆက်လက်ဖွင့်လှစ် လုပ်ကိုင်ကြရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ဘဏ်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို လုပ်ငန်းလိုအပ်ချက်အရ အချိန်မရွေး သွားလာခွင့်ပြုပေးရန် အစိုးရသို့ တင်ပြထားပြီး ဖြစ်ကြောင်း ဝန်ကြီး ဦးရဲမင်းဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီအတွင်း မြို့နယ် ဖြတ်ကျော်သွားလာမှုကို  တားမြစ်စစ်ဆေးမှုများ အား ယနေ့(စက်တင်ဘာ ၂၈) ရက်မှ စတင်အရေးယူမည်ဖြစ်ကြောင်း၊ မြို့နယ် ဖြတ်ကျော်သွားလာရန် ခွင့်ပြုထားသည့်လုပ်ငန်းကို QR Pass ထုတ်ပေးထားပြီး ယင်း QR Pass ပြုလုပ် ထားသူများသာ နယ်မြေဖြတ်  ကျော်ခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသည် COVID-19 ရောဂါအတည်ပြုလူနာ အများဆုံးတိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လက်ရှိ စက်တင်ဘာ ၂၇ ရက် ညပိုင်းအထိ အတည်ပြုလူနာ ၇,၄၀၀ကျော်ရှိနေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ အတည်ပြုလူနာ ၁၀၇၃၄ ဦး ရှိပြီး သေဆုံးသူ ၂၂၆ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.