Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၈၉၇ ဦး တွေ့ရှိ ၊ သေဆုံးလူနာ ၃၀ ဦးထပ်တိုး

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

COVID-19  ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း အတည်ပြု လူနာသစ် ၈၉၇ ဦး တွေ့ရှိပြီး သေဆုံးလူနာ ၃၀ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၅၉၇) ခုအား စက်တင်ဘာ ၂၇ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂၈ ရက် ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၈၉၇ ဦးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

သေဆုံးလူနာ ၃၀ ဦးအနက် ဆေးရုံသို့ သေဆုံးပြီးမှရောက်ရှိသူ ၁၅ ဦး ပါဝင် ကြောင်း သိရသည်။ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ဆေးရုံဆေးခွင့်ရရှိသူ ၂၁၁ ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃,၀၇၃ ဦး ရှိလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၈ ရက် ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၁၆၃၁ ဦး ရှိလာခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း ၂၅၆ ဦး ရှိလာကြောင်း သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  COVID-19 ကူးစက်ခံရနိုင်ချေများသော အပြုအမူများအား ယနေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ အပြုအမူများ ပြုလုပ်ပါက လူတစ်ဦးတွင် COVID-19 ရောဂါပိုးရှိနေပါက အခြားသူများထံ ရောဂါကူးစက်ခံရနိုင်ချေ များပြားသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။ 

ထို့ပြင် COVID-19 ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် စက်တင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက် ၊ အမိန့် ၊ အမိန့်ကြေညာစာ ၊ ညွှန်ကြားချက်များအား အောက်တိုဘာ ၃၁ ရက်ထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း  COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်အား ယနေ့ စက်တင်ဘာ၂၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)