Connect with us

MYANMAR

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကူးစက်မှုအထူးမြန်ဆန်လျက်ရှိသော ဗိုင်းရပ်စ်ပိုးအား ဆေးသုတေသနဦးစီးဌာန၌ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည်

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့်သွားလာနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) 

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိကြောင်း၊(၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရသောကြောင့် ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ထုတ်ပြန်ချက်အရ သိရသည်။  

ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က “ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ရဲ့မျိုးဗီဇပြောင်းလဲမှု ကို စတင်ဆောင်ရွက်ဖို့ လုပ်နေပြီ။ အမြန်ဆုံးအဖြေရအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။  အခုကဘယ်လိုမျိုးကွဲဖြစ်နေလဲ၊ အရင်မျိုးဗီဇနဲ့ အတူတူပဲလား။ ဘယ်နေရာတွေမှာ မတူဘူးလဲ ဆိုတာ အဖြေထွက်လာရင်တော့ တိတိကျကျပြောလို့ရမှာပါ။ အခုကတော့ ပြောဖို့စောပါသေးတယ်။’’ ဟုဆင်ဟွာသို့ သြဂုတ် ၂၂ ရက် တွင်ပြောသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုမှာ သြဂုတ် ၁၆ ရက် မှစတင်၍ ကူးစက်မှုများစွာ တွေ့ရှိလာရသဖြင့် ယခုကဲ့သို့ မျိုးဗီဇပြောင်းလဲမှုအား စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့်ပူပေါင်း၍ စစ်တွေမြို့နယ်၌ COVID-19 ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံးထိန်းချူပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွားခြင်းမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြည်သူများအား အသိပေးချက်ထုတ်ပြန်ခဲ့သည်။

ပြည်သူများအကြား၌ ရောဂါလက္ခဏာမပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာသေချာကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ပန်ကြားချက်များကို တိကျစွာ မပျက်မကွက်လိုက်နာဆောင်ရွက် ကြပါရန် အထူးလိုအပ်ကြောင်း ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူသို့ တိုက်တွန်း ထားသည်။  (Xinhua)