MYANMAR
မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦး ထပ်မံ သေဆုံး ၊ စုစုပေါင်း သေဆုံးသူ ၆ ဦး ရှိလာ
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦး ဖြစ်သူ အသက် ၆၃ နှစ် ရှိသူ အမျိုးသား တစ်ဦး ယနေ့ ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (Case – 110) အသက် ၆၃ နှစ် ရှိသူ အမျိုးသား တစ်ဦးသည် ဧပြီ ၁၉ ရက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုခဲ့ပြီး ဧပြီ ၂၀ ရက်မှ စတင်၍ တောင်ဥက္ကလာပအထူးကုဆေးရုံ၌ တက်ရောက်ကုသမှုခံယူကာ ဧပြီ ၂၂ ရက်မှ စ၍ အထူးကြပ်မတ်ကုသခံယူခဲ့ရသည့် သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ အခံရှိသူ ဖြစ်ကြောင်း သိရသည်။
ယင်းCOVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (Case – 110)၏ သေဆုံးရသည့်အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်း အတွင်း ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းနှင့် ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ ဧပြီ ၂၉ ရက် နံနက်ပိုင်း အချိန်ထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်မှာ ၁၅၀ ဦး ရှိလာခဲ့ပြီး ၎င်းတို့အနက် ရောဂါပိုးကင်းစင်သူ ၁၆ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ယခုအခါတွင် သေဆုံးသူမှာ ၆ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)