Connect with us

MYANMAR

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယခုနှစ်တွင် အရှိန်မြှင့် ဆောင်ရွက်မည်

COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်မြို့၌ ပိုးသတ်ဆေးဖြန်း ဆောင်ရွက်မှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး စီမံချက် မန်နေဂျာ ဒေါက်တာ နေရည်ရည်လင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

“သွေးလွန်တုပ်ကွေး ရောဂါနဲ့ ပတ်သက်လို့ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းတွေကို နှစ်စဉ် Action Plan တွေ ရေးဆွဲပြီးလုပ်ပါတယ် ။ ဒီနှစ်ကတော့ COVID-19 ရောဂါ ကာလ ဖြစ်နေတဲ့ အချိန် ၊ ပြီးတော့ မိုးတွင်း ကာလလဲ ရောက်လာတော့ အတက်နိုင်ဆုံး သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား ၊ သေဆုံးမှုနှုန်း မရှိအောင် ကျွန်မတို့က National Plan တစ်ခု အနေနဲ့ လုပ်ဆောင်ဖို့ ဝန်ကြီးဌာနက လမ်းညွှန်ထားပါတယ် ။”ဟု ဒေါက်တာ နေရည်ရည်လင်းက ပြောကြားခဲ့သည်။ 

ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ လူထုအသိပညာပေး(Community awareness)လုပ်ငန်းများကိုလည်း ပိုမို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား ၊ သေဆုံးမှုနှုန်းကို တက်နိုင်သမျှ မရှိအောင် ကာကွယ်ရေး အပိုင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာ နေရည်ရည်လင်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါသည် ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီး နှင့် မွန် ပြည်နယ်တို့တွင် ပုံမှန်အားဖြင့် ဖြစ်ပွားမှုနှုန်း များတက်ကြောင်း ၊ ဖြစ်ပွားမှုနှုန်း အခြေအနေများ အပေါ် မူတည်ပြီး လိုအပ်သည့် နေရာများတွင် ပို၍ အားစိုက် ဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

“နှစ်တိုင်းကတော့ ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို လုပ်တယ်။ ဒီနှစ်ကြတော့လည်း ဒီအချိန်မှာ COVID-19 ရောဂါ ကာလ ဖြစ်လာတယ်။ Stay Home တွေ ရှိတယ် ။ ခြင်ကျားက နေ့အချိန်မှာ ပိုကိုက်တယ်။ပြီးတော့ ရေကြည်ရေသန့်မှာ ပေါက်တယ် ဆိုတော့ မိုးရွာလာရင်လည်း ခြင်ကျား ပေါက်ဖွားမှု ၊ ပိုးလောက်လန်း ပေါက်ဖွားတွေ များနိုင်တဲ့ အခါမှာ ကျွန်မတို့က သွေးလွန်တုပ်ကွေး ရောဂါတွေ မဖြစ်ပွားအောင် ပိုပြီးတော့ လုပ်ရမယ် ဆိုတာ ဖြစ်လာတယ်။”ဟု ဒေါက်တာ နေရည်ရည်လင်းက ပြောကြားခဲ့သည်။ 

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အောင်မြင်မှု ရှိစေရေးတွင် အဓိက အရေးကြီးဆုံး အချက်မှာ ပြည်သူများ ကိုယ်တိုင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ရာ ပြည်သူလူထု ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် ဒေသအာဏာပိုင်များ အားလုံးက ပါဝင်ဆောင်ရွက်ကြရန်လည်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။ 

“ကျွန်မတို့က ကိုယ့်နိုင်ငံမှာလဲ COVID-19 ရောဂါလဲ ဖြစ်နေတဲ့ အချိန်မှာ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ပိုပြီး Panic ဖြစ်သွားမှာလည်း စိုးပါတယ်။ဒါကြောင့် အဲဒီရည်ရွယ်ချက်လည်း ပါပါတယ်။”ဟု ဒေါက်တာ နေရည်ရည်လင်းက ပြောကြားခဲ့သည်။ 

 

ယခု ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နိုင်ငံလုံး အတိုင််းအတာ အနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ အရေအတွက် ၈၀၀ ကျော်ခန့် ရှိပြီး သေဆုံးသူ ၃ ဦးခန့် ရှိကြောင်း သိရသည်။ 

 

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၂၃,၀၀၀ ဦးကျော် ရှိပြီး သေဆုံးသူ အရေအတွက်မှာ ၁၀၀ ဦးရေကျော် ရှိခဲ့ကြောင်းနှင့် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။ (Xinhua)